Tuesday, September 29, 2009
မနှောင်းမီ
တို့ ရှိခိုးမေတ္တာပို့သံတွေ ဝေပါစေ...
ငွေတောင်တန်းကြီးအရောင်မစွန်းခင်
တို့ လိမ္မာရေးခြားအတွေးအခေါ်တွေ ၀င်ပါစေ...
သံတောင်ကုန်းကြီးအိုမင်းမစွမ်းတဲ့အခါ
တို့ တုံ့ပြန်မှုတွေ မခါးသက်ကြစေကုန်...
မြေမှုန့်မြေခဲအတိ တောင်ပို့ငယ်ငယ်ဆီလေပြင်းသုတ်တဲ့အခါ
တို့ ကွယ်ကာရှေ့တိုးကြစေကုန်...
အို.. ကလေးငယ်
သူ့တေးဆိုသံနဲ့အတူ
သူ့ရင်အစုံကို
စကားလုံးများဖြင့် သတ်မပစ်ပါနှင့်။ ။
Craton
၂၉.၉.၂၀၀၉
Monday, September 28, 2009
ထိုနေ့ခရီးတို - ၂
စိတ်ညစ်လောက်အောင်တန်းစီရဦးမယ်ဆိုမှ နေကနည်းနည်းထွက်လာတယ်။ တော်တော်ကြာလိုက်တယ် နေပူတာ.. လူအုပ်ကလည်း ထုံးစံအတိုင်းမနည်းမနောမှတ်လား
လူတန်းကြီးရဲ့အလယ်လောက်ရောက်လာတော့ နေမထွက်တော့ဘူး။ ကောင်းရော အချိန်ကိုက်ဒုက္ခပေးသလားမှတ်ရတယ်။ တံတားကိုဖြတ်ပြီး တန်းစီစောင့်ရတာဆိုတော့ အပေါ်ရောက်တုန်း ပတ်ဝန်းကျင်ကိုအစုံကြည့်ဖို့ အခွင့်ရသွားတယ်။ တံတားအောက်ကလမ်းပေါ်မှာ ပြိုင်ကားအပျော်တမ်းစီးနေသူတွေ။ တဒုတ်ဒုတ်နဲ့ ဖြတ်ဖြတ်သွားတဲ့ပြိုင်ကားတွေကို အပေါ်ကနေလိုက်နောက်ကြသေးတာ။ ဟော.. ဟိုမှာ တောင်ကုန်းတစ်ခုတွေ့ပြန်ပြီ။ မြင့်သထက် မြင့် မြင့်လာတာချည်းပါလား။ အခုတော့ သည်းသည်းကွဲကွဲမြင်ရသေးတယ်။ ခဏနေတော့ ရုတ်တရက်မှောင်လာပြီး မိုးစက်တွေကျလာတယ်ဗျ။ အံ့ရော.. မိုးပေါက်တွေရဲ့သိပ်သည်းဆနဲ့ ရှိရှိသမျှမြူမှုန်တွေ နှင်းတွေကလည်း အောက်ကို အဖွဲလိုက် အဖွဲလိုက်ကျလာတာ ရက်ရက်စက်စက်။ လေကတဖြူးဖြူးနဲ့အေးစိမ့်ပြီး တံတားပေါ်ကိုဖြတ်တိုက်လာတဲ့ မြူတွေကို အရူးလိုပဲလက်နဲ့လိုက်ဖမ်း ၀ါးစား မျက်နှာအပ် ဆော့ကစားပေါ့။ သိပ်ပျော်တယ်။
အဲ.. ပျော်တာကချက်ချင်းရပ်သွားပြန်တယ်။ “We're going to stop the machine for a while raining. A few minutes only” တဲ့ .. နင်သဟ.. ဒီလောက်အရှည်ကြီးစောင့်လာပြီးမှ လှည့်ပြန်မယ့်သူက တစ်ယောက်မှမပါ။ ဒါကလည်း ထုံးစံကိုး။ သူတို့မှာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမိုးလေ၀သအချက်ပေးစက်တွေက နေရာတိုင်းမှာရှိတယ်.. မိုးရွာထဲစီးကြလို့မှမဖြစ်။ တစ်ခါပြုတ်ကျဖူးတယ်ဆိုပဲ။ Final Destination 3 ကိုတောင်သတိရသွားသေး .. ဟေဟေး..
ခဏနေ မိုးကွဲသွားပေမယ့် နှင်းတော့မစဲသေးဘူး။ ဒါပေမယ့် စက်ပြန်လည်လာတဲ့အချိန်မှာ ထ အော်မတက်ပျော်လိုက်ကြတာမပြောနဲ့ ။ အချိန်က ၄၅မိနစ်လောက်ဖြုန်းလိုက်ရပြီလေ.. မပျော်ဘယ်ရှိလိမ့်။ ကိုယ့်အလှည့်ရောက်ဖို့ ရင်ခုန်စွာစောင့်ကြရင်း မြူတွေကြားထဲ ဒုက္ခလာခံနေတဲ့ ကိုယ့်လိုလူသားတွေကို စိတ်လှုပ်ရှားဖွယ်အော်ဟစ်သံတွေကြားထဲကပဲ ငေးကြည့်နေမိတာ..
အံမယ်.. အပြောသာကောင်း.. ကိုယ့်အလှည့်လည်းကျရော အော်လိုက်ရတာဆိုတာ။ ဘေးကတစ်ယောက်က ကိုယ့်ထက်ပိုဆိုး။ နားကွဲတော့မယ်အော်နေတာ။ ဒုက္ခနှစ်ခု တစ်ပြိုင်တည်းခံနေရတာလေ။ ဝေါခနဲ ဝေါခနဲ ပြန်ပြန်ပြုတ်အကျတွေ၊ တွန့်လိမ်နေတဲ့အကွေ့တွေမှာ လူကဇောက်ထိုးဖြစ်သွားတာတွေ .. ပျော်လည်းပျော် အော်လည်းအော်ပေါ့။ စီးပြီးတော့ အသံတွေဝင်၊ ခေါင်းတွေချက်ချင်းကိုက်လာ.. ဖြစ်ပြီ မောင်တွန်တို့။ အိပ်ရေးမ၀ခဲ့ဘူးမှတ်လား။ “ဆေးပါကြလား ဆေး..” ဆိုပြီး လိုက်မေးပေးရ.. တော်သေး Panadol ကို တစ်ယောက်ကထည့်လာမိပေလို့။ ခပ်မြန်မြန်သောက်ချနေတုန်း တိတ်သွားတဲ့မိုးက ဖွဲဖွဲလေးပြန်ကျလာပြန်ပါရော.. မြူတွေကိုလည်း တစ်အုပ်ကြီး ထပ်ခေါ်လာပြန်တယ်။ လှတာတော့အတော်လှ .. မူးမူးကိုက်ကိုက်နဲ့ ဓါတ်ပုံကတော့ အမိအရရိုက်လိုက်သေး။
မြှားပစ်ဆောင်ဆင်ဝင်အောက်ခဏမိုးဝင်ခိုနေတုန်း သူများအတွဲတစ်အတွဲ ခေါက်ဆွဲပြုတ်တစ်ခွက်ကို ကြင်ကြင်နာနာဝေမျှစားနေတာမြင်တော့ ချမ်းချမ်းနဲ့ ကိုယ်ပါစားချင်စိတ်ဖြစ်ရော။ ဒီတော့ ဆိုင်ကိုပတ်ရှာ၊ မတွေ့၊ ဘယ်က၀ယ်ပါလိမ့် သွားမေးချင်၊ မေးကလည်းမမေးရဲ။ ဒါနဲ့ အစ်မတစ်ယောက်နဲ့ လိုက်ရှာကြတယ်။ အတော်ရယ်ရပုံက အဲ့ဒီဆိုင်ကိုမျက်စိရှေ့ထားပြီး ပတ်ပတ်လည်တခြားဆိုင်တွေ လိုက်ရှာနေကြလို့။ နောက်မှ တသြော်သြော်.. နဲ့ လိုရာရသွားပါလေတယ်။ မိုးအေး၊ နှင်းလေတအေးအေးနဲ့ ခေါက်ဆွဲပြုတ်ပူပူလေးကို ရှလူးရှလူးနဲ့နေအောင် စားပစ်လိုက်ပါတယ်။
ပြီးတော့ ပတ်ဝန်းကျင်အလှအပတွေဆီ ရီဝေနေတဲ့အာရုံကို ခဏလွှဲအပ်ထားလိုက်တယ်။ အမှတ်သညာမရှိဘူးတော့ပြောလို့မရဘူး ခုလိုလူအစုအဝေးနဲ့လာရခဲလေတော့ မူးလည်းမူးပဲ။ စုံအောင်တော့ လျှောက်စီးရမှာပဲ။ ပိုက်ဆံတွေလည်းပေးထားရပြီးမှလေ.. ဒီတော့ မှုန်တိမှုန်မှိုင်းမြင်နေရတဲ့ နောက် target တစ်ခုဆီကို အားမလိုအားမရလှမ်းကြည့်လိုက်မိတယ်..
ဆက်ရန်..
.
.
p.s)
ဦးနော်ကြီး၊ ကိုဖိုးစိန်နဲ့ ဖြိုးလေး(Evergreen Phyo) ပြောသလိုပဲ ဘလော့ဂါတွေစုပြီးတော့ အဲ့ဒီလိုတောင်ပေါ်ခရီးမျိုး ပျော်ပျော်ပါးပါးကြီး သွားချင်ပါတယ်။ ဒါက ကျွန်တော်အိပ်မက်နေတဲ့အရာတစ်ခုဆိုလည်းဟုတ်တယ်။ မဖြစ်နိုင်ဘူးမရှိပါဘူး။ ဒီဇင်ဘာလာကြမယ့် အဖွဲ့တွေနဲ့အတူစုံစမ်းပြီး ဒီဘက်ကမ်းကို အဲ့ဒီကသာ လူစုပြီးကူးလာခဲ့..။ အားငယ်နေတဲ့ ကလေးလေးတစ်ယောက်ရဲ့ အထီးကျန်နေမယ့်မွေးနေ့ပွဲလေးကို ပျော်အောင်ဖန်တီးပေးနိုင်မယ့်အပြင် မမေ့နိုင်တဲ့အမှတ်တရတွေလည်း ကြုံချင်ရင်ပေါ့။
Sunday, September 27, 2009
Thursday, September 24, 2009
ထိုနေ့ခရီးတို - ၁
ကဲ .. လမ်းထိပ်တော့ရောက်ပြီ။ ကားငှါးကြတယ်။ Pudu ကားဂိတ်ရှိရာ ကေအယ်လ်က Kota Raya ကိုပေါ့။
မနက်ခင်းကသာ ကြည်လင်နေတာ လူကခေါင်းမကြည်ဘူး။ ကားသမားက မောင်းတာတော့အမြန်သား။ ခဏလေးနဲ့ရောက်သွားသလိုပဲ။ ဟိုရောက်တော့ ကားက ၉ နာရီခွဲမှထွက်မှာမို့ အရမ်းစောနေတယ်။ ဒါပေမယ့် လက်မှတ်တစ်စောင်လိုနေလို့ လိုက်ဝယ်ဖို့ကရှိသေးတယ်။ ဒါနဲ့ပဲ ကားဂိတ်မှာ လက်မှတ်ရောင်းတဲ့ဆိုင်တွေ၊ ပွဲစားတွေဆီမှာ မရမကလိုက်ဝယ်ရပါတယ်။ အချိန်ကောင်းဆိုတော့ ဒင်းတို့ကလည်း တစ်ဆင့်ရောင်းတွေမို့ ဈေးကမချောင်ဘူး။ ကိုယ်တို့က ကြိုဝယ်ပြီးသားဆိုတော့ ကိစ္စမရှိဘူး။ တစ်ယောက်ကခုမှလိုက်လာလို့ လိုနေတော့ ဒီလိုပဲဝယ်လိုက်ရတယ်။
ဟောဒီ့ ဆိုင်တန်းတွေထဲ တိုးမပေါက်တဲ့လူတွေကြားကပဲ လက်မှတ်လိုက်ဝယ်ရပြန်တယ်။ ကော်ဖီဆိုင်တွေ၊ မုန့်ဆိုင်တွေ၊ စောင့်ဆိုင်းရန်ထိုင်ခုံတန်းလျားလေးတွေ၊ အိမ်သာတွေ၊ လက်မှတ်ရုံတွေမှာ လူတွေနည်းတာမှမဟုတ်ဘဲ။ မနက်ခင်းနေရောင်နဲ့အပြိုင် အလုအယက်တိုးလွှားနေကြတာ။
အချိန်စောနေသေးတာမို့ ကိုယ့်ဟာကိုယ်အပြင်ခဏထွက်ခဲ့ပြီး မြန်မာဆိုင်တစ်ဆိုင်ပေါ်တက် အပေါ့အပါးအေးဆေးသွား (ဟိုမှာလိုတိုးဝှေ့နေစရာမလို)၊ လိုအပ်တဲ့ မုန့်တို့၊ တစ်ရှူးတို့၊ အမူးအမော်ပြေရှောက်သီးဆေးပြားတို့ ဘာတို့ဝယ်ပြီး ခဏလမ်းသလားလိုက်သေး။ အချိန်နီးတော့မှ သူတို့ရှိရာပြန်လာခဲ့လိုက်တယ်။
ကားကလည်း ထွက်တော့မှာမို့ အတော်ပါပဲ။ အနီရောင် အဝေးပြေးကားကြီးရှိရာကို သူ့လှေခါးအတိုင်း သူသတ်မှတ်ထားတဲ့လမ်းအတိုင်း မြေအောက်ထဲဆင်းပြီး စောင့်ရပါတယ်။ ခဏကြာတော့ ကားပေါ်တက်ပြီး ကိုယ့်နေရာကိုယ်ယူလိုက်ကြတယ်။ ထိုင်ခုံမှာထိုင်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဓါတ်ပုံရိုက်၊ ပါလာတဲ့ အာလူးကြော်ကိုထုတ်စား၊ ဒီကြားထဲဘေးခုံ၊ နောက်ခုံက သူငယ်ချင်းတွေက လုစားကြသေးတယ်။ ရေသန့်ဗူးထုတ်သောက်။ အဆာပြေရုံလောက်ပေါ့။
ကားက မြေအောက်ထဲကနေ လမ်းမကြီးပေါ်ကိုတက်လို့ စောစောစီးစီးပျားပန်းခတ်နေတဲ့ ကွာလာလမ်ပူ မြို့လယ်ခေါင်ကို တဖြည်းဖြည်းထားခဲ့ပြီး တောအုပ်ညို့ညို့ တောင်တန်းမို့မို့တွေဆီ ဦးတည်နေပါတယ်။
လှမ်းမြင်လိုက်ရတဲ့ ခပ်စိမ်းစိမ်းစိုစိုမြင်ကွင်းတချို့ကြောင့် ကိုယ့်နိုင်ငံကိုသတိရသွားမိတာတော့အမှန်။ ဒီလိုခရီးသွားရင် ကိုယ့်နိုင်ငံတုန်းက ခရီးသွားခဲ့ဖူးတာကို မြင်ယောင်တယ်။ ဘေးက တောအုပ်တွေ၊ တောင်တန်းတွေ၊ စမ်းချောင်းတွေ.... တဲပုလေးတွေ... စပါးခင်းတွေ... ကောက်ရိုးပုံတွေ... အိုး.. ဒီမှာမမြင်ရသမျှ အကုန်ကိုလွမ်းတော့တယ်။
တစ်နာရီလောက်ကြာတော့ ကားကတောင်ကိုစတက်နေပြီ။ အပေါ်ရောက်လေလေ နားအူလာလေလေပဲ။ တိမ်တွေကလည်း လုံးဝအသွင်ကွဲကုန်တယ်။ မြေပြန့်မှာမြင်နေကျလို ခပ်ပါးပါးကျဲကျဲမဟုတ်ဘဲ ထုနဲ့ထည်နဲ့အပြင် တိမ်အတုတွေလားတောင်ထင်ရတယ်.. မှိုင်းလည်းမှိုင်းတယ် မြူတွေလည်းပါတယ် လက်လှမ်းလိုက်ရင်ဖမ်းမိတော့မလို နိမ့်နိမ့်လေးတွေရယ်...။
တောင်ပေါ်ရောက်ခါနီးတော့ ကားနှစ်စင်းလမ်းဘေးကိုထိုးဆင်းပြီး မီးခိုးတွေတစီစီထွက်နေတာကို မြင်လိုက်ရတယ်။ ဘာဖြစ်တာလည်းတော့မသိ။ တွေ့တာကို အမိအရရိုက်ထည့်လိုက်တာပဲ။
ဆက်ရန်...
Saturday, September 19, 2009
ကံဆိုးကောင်

အဖြစ်သနစ်တွေက ၀ံ့ဝံ့စားစား
ချုန်းမိသမျှ မိုးချိန်းသံတွေ
ပြိုးပြက်လျိုးလက်ရင်း
ကာထားတဲ့အုန်းလက်အောက်ကိုမှ တည့်တည့်တိုးဝင်
ပိုင်ဆိုင်သမျှ အပြုတ်နှံရင်တော်သေးရဲ့
လူခိုးခံရသလို အစုတ်ကလေးကျန်နေတာက
မခံမရပ်နိုင်တဲ့ ဝေဒနာတစ်ခေါင်းတစ်လှိုက်
ပူလှလောင်လှချည့်ကွယ်...
ဘယ်မိုးစက်တွေကများ
ဟောဒီ့က မိုးကြိုးပစ်ခံထိပြီးသား လူမည်းတစ်ယောက်ကို
မိုက်မိုက်မဲမဲ
စင်အောင် ဆက်လက်ဆေးကြောပေးကြမလဲ...။
Craton
၁၉.၉.၂၀၀၉
(အငှါးခံစားရေးဖွဲ့ခြင်းပါ)
Wednesday, September 16, 2009
ကြေကွဲသူ

ချိုခဲ့ခါးခဲ့သလား..
အဲဒီအတွက် ငါပေးဆပ်ခဲ့တာ လျှာတစ်ချောင်း ...
နှလုံးသားကိုရင်းလိုက်တိုင်း
အညစ်အကြေးတချို့ကပဲ
စက္ကူဆန်ဆန်ထွက်ကျလာတယ်
ဒါဟာ တရားမျှတတဲ့အချစ်ပဲလား...
နှင်းဆီတစ်ပွင့်လောက်တောင်
ငါ့ကို တန်ဖိုးထားခဲ့ရင်
ဟိုကဗျာထဲကလို လဆယ်စင်းသာနိုင်ရဲ့
တံငါတာရာဆိုတာ မှန်းမိပြီးတဲ့နောက်
ငါဟာ သော်တာရောင်နဲ့တဖြည်းဖြည်းဝေးလို့သာနေခဲ့
ပဒုမ္မာကို ငါမလိုဘူး
မြရေကန်ကို ငါမမက်ဘူး
သုတ်ဖြူးလေလည်း ငါမတောင့်တဘူး
အဲ့ဒီ ၀င်းစင်စင် လတစ်ပါးလောက်ပါပဲ
ကန်ထဲက မပြုံးမပြယ်ပုံရိပ်ယောင်ပဲဖြစ်နေလေဦးတော့...
ဆွေးရဝေးရလွန်းလို့
ငါ့ဆန္ဒတွေ... တိုးလို့တိုးလို့ငုပ်လျှိုးဝပ်တွား...
မြေဆီမြေနှစ်ဖြစ်ဖြစ်...
ခပ်ထွန့်ထွန့် တီတစ်ကောင်လောက်ဖြစ်ဖြစ်...
ဘေးနားက သစ်ခြောက်အိုပင်ကြီးဖြစ်ဖြစ်...
ငါဖြစ်စမ်းပါရစေကွယ်
ရောင်စုံလိပ်ပြာတွေလိုလည်း
မင်းအနားမရစ်မသီရ နေပါစေ...
မင်းအဆီအနှစ်မသောက်သုံးရ နေပါစေ...
မင်းအနီးအပါးလေးတော့ ငါရှင်သန်ချင်ခဲ့တာ
တစ်ဖက်သတ်မျဉ်းပြိုင်လေးအတိုင်း ရှိချင်ခဲ့မိတာ
အို ... နှင်းဆီငယ်...
အို ... လမင်းသခင်ငယ်...
ငါ့ရဲ့ နှလုံးသွေးအစက်စက်ကို
တစွတ်စွတ်ခြူမြှူးခဲ့လေတယ်...
အလို.. ငါ့နှယ်...
ဒီဥပမပေးနှစ်ခုကလည်း
ငါလန့်အနိုး ... ခပ်ဝေးဝေးမှာ
ဝေ...၀ါး...လွင့်...ကျ...ခဲ့ပြန်ပေါ့...။ ။
Craton
၁၆.၉.၂၀၀၉
Monday, September 14, 2009
That is why
ဒီနေ့တော့ နီးနီးနားနားက ရှော့ပင်းမောလ်ကိုပဲသွားတယ်။ ဦးဆုံး ...
- ဘယ်နှခါပြင်ပြင် စိတ်တိုင်းမကျတဲ့ ကိုယ့်ဆံပင်ဘုတ်သိုက်ကို ဆံပင်ညှပ်၊ ခေါင်းလျှော်၊ ပေါင်းတင်၊
ဆေးဆိုး၊ဖယောင်းသွင်း။ အတော်ပြုတ်သွားပါတယ်။ စိတ်တိုင်းလည်းကျသွားပါပြီ။
- မီးခိုးမကျ၊ အပြာနုမကျ မျက်ကပ်မှန် တစ်စုံ (ဒါက သူများမြှောက်ပေးလို့ ၀ယ်ဖြစ်သွားတာပါ၊
ဝယ်ပြီးတော့လည်း အရောင်ကိုကြိုက်ပေမယ့် အသားမကျတာမို့ သွင်းရ၊ ထုတ်ရတာအင်မတန်
အသည်းယားဖို့ကောင်းတာပါ)။ တစ်ခါတည်း container ဗူးလေးရယ်၊ စိမ်ရည်ရယ်၊ သန့်စင်ရည်ရယ်
တွဲပေးလိုက်ပါတယ်။
- နက်ပြာရောင် sock ၄ စုံ။
- Hairspray ခပ်ကောင်းကောင်းတစ်ဗူး။ အခု ဆံပင်ပုံနဲ့က ၀ယ်မှဖြစ်မှာမို့ပါ။
- 3.60 gm ရွှေလက်စွပ်တစ်ကွင်း။ လစာရဲ့ ထက်ဝက်လောက်ရှိပါတယ်..း(
အဲ့လက်စွပ်ပေါ့။
ကျန်းမာရေးကလည်း ထင်သလောက်မကောင်းပါ။ ပို့စ်မရေးဖြစ်တဲ့ အကြောင်းလေးကို ဒီလိုဒီလို ဆားချက်ပြီးပြောပြတာပါ။ မောင်တွန်တစ်ယောက် ပုန်းနေတယ်ထင်မှာစိုးလို့။ မကြာခင် စာတွေပြန်ရေးဖြစ်မယ်ထင်တာပါပဲ။
Wednesday, September 9, 2009
ကြယ်တစ်ပွင့်၏ ခါးသက်ခြင်း
ရက်တွေလပြောင်း နှစ်ရှည်ကြာညောင်းလို့
သြော်.. အဟောင်းတွေ အသစ်ဖြစ်ခဲ့ပြန်ပြီပေါ့
စက်တင်ဘာလွမ်းချင်းမှာ မက်မပြေတဲ့ချုပ်ရိုးတွေ
အသီသီအထပ်ထပ် တလှပ်လှပ်တလျင်လျင်
စီးဝင်နစ်မြုပ် လှုပ်လီလှုပ်လဲ့သာသာ...
ယိုင်လဲတော့မယ့် အခြေမခိုင်မခံ့ အိမ် ...
အမှတ်အသားမရှိတဲ့ ဒဏ်ကြေဆေးပေါင်းစုံ ...
ရှိရင်းစွဲတလွဲဦးနှောက်နဲ့ အန္ဓတစ်ပုံတချို့ ...
မောရစ်ဆန်ရေ...
မင်းဝတ္ထုစရိုက်ကောင်တွေထဲပဲ
ငါ့နှလုံးသား တစ်ဖဲ့တစ်ခြွေ သွန်လှပ်ထားခဲ့မိ
ငါဟာ အတိတ်တချို့ကို မေ့လျော့လာနေတာ...
ဂီတ၊ တေးကဗျာတွေထဲ ငါဟာ ပြေးဝင်ဝင်သွားနေတာ...
မင်းဆရာရဲ့ဂျူးလိယက်ပုံပြင်တွေ တဖန်ပြန်စခန်းထချိန်မှာ
ငါဟာ ကလေးငယ်သာသာရယ်လေ...
အမှောင်တိုက်ကြီး ငါ့အိမ်ကိုဖုံးကွယ်တော့
ငါဟာ မွေးပင်မမွေးသေး
ငါ့အဖွါးနဲ့ ငါ့အိမ်ဟာ မကွဲပြားတော့ရုံတမယ်...
အသိုက်နဲ့ အ၀န်းအရံနဲ့
ခံ့ညားဝံ့ကြွားရမယ့်အစား
ငါဟာခေါင်းမဖော်တမ်း အောင့်သက်လိုက်သည့်ဖြစ်ခြင်း
အခု ငါလူလားမြောက်ဖို့ကြံတုန်းရှိသေး
မပြောင်းလဲသေးတဲ့ စာအုပ်ထူကြီးတွေ
ဘာကိုတိုင်းတာရမှန်းမသိတဲ့ ပေတံအလွတ်ကြီးတွေဟာ
အိမ်ကထမင်းအိုးအကွဲအပြဲတွေအောက်
လူးလွန့်ပုန်းအောင်းလို့...
ဘယ်တော့များ ငါ့အိပ်မက်စစ်စစ်တွေ
မင်းတို့ကို ချပြခွင့်ရမလဲ
ငါလည်း သမိုင်းကောင်းတစ်ပုဒ်တော့ရေးခဲ့ချင်သေးတယ်
(သမိုင်းကောင်းမှန်ရင် ဒဏ်ရာရင့်စမြဲပါ)
ငါ့အိမ် ငါ့ကောင်းကင် ငါ့သက်တန့်တွေအတွက်...
နောက်ပြီး ငါ့အဖွါး၊ ငါ့အဘိုးအဘေးအတွက်...
အခုတောင် ဖန်တရာထေဓါတ်ပြားတွေပဲ
မင်းတို့ကို ချေးငှားနေရ..
ငါအားနာလှပြီ
ငါလည်း စွမ်းပါတယ်
အားရှိပါးရှိ စုစည်းဖြစ်တည်လိုက်ရင်
နောက်ပြီး...
မည်းမည်းအူအူတိမ်ပုပ်တွေ မိုးဆိုးနဲ့အတူလွင့်သွားရင်
မင်းတို့ဝိဉာဉ်တော်ဆီ ငါ့စာအုပ်တွေရောက်လာလိမ့်မယ်
အဲဒီနေ့ထိ ငါမသေခဲ့ရင်ပေါ့.... ။ ။
Craton
၉.၉.၂၀၀၉
စက်တင်ဘာအမှတ်တရ..
Tuesday, September 8, 2009
ဤသို့ဖြင့်...

ရင်တစ်ခု ရင်းခဲ့ရရုံပါ
နစ်နစ်နာနာ သိပ်မရှိ
နာနာကျည်းကျည်း တစိုးတစိမျှရယ်မရှိ
အလွှာလွှာအထပ်ထပ် လွှမ်းရုံပို့သခဲ့တဲ့
သူ့အတွက် နှင်းဆီပန်းခြင်းတွေ ...
သူ့အတွက် ထိုဆုတောင်းတွေ ...
သူ့အတွက်ပဲ မျက်ရည်ကဗျာအစက်စက် ...
အသွက်သွက်အခါခါနဲ့ ဒီနှလုံးသည်းခြေတွေ
ကြွေလု... ခစား... ပေးအပ်... ထား... ခဲ့... မိ...
ဟောသည့်ရင်တစ်ဖိုမှာ
ကျေကျေနပ်နပ်ခြေရာအနင်းခံခဲ့သူ...
သူ့အနမ်းလိပ်ပြာတွေကြားထဲ
အိပ်မက်ပျောက်ခံထိသူ...
ရှတတ၀ိုင်ခါးတွေနဲ့ ၀ိဉာဉ်လုံရုံတမယ်
ခရီးဆက်ဖြတ်သန်း အဓ္ဓမ ကျေနပ်ခဲ့ရသူ...
မမျိုသိပ်ခဲ့နိုင်ဘူး...
မကွယ်ဝှက်ခဲ့နိုင်ဘူး...
အလွမ်းမီး ဖျက်ခနဲ ထ, အတောက်မှာ
အခန်းအံဝှက်ထဲက ကိုယ့်သနပ်ခါးတွေ
သူ့အတွက်ပဲ ထ ထသွေးနေမိ...
သူ လှနေပါစေတော့....။ ။
Craton
၈.၉.၂၀၀၉
Sunday, September 6, 2009
ထင်နေတာမှားပြီ
တကယ်ကို ငါ မင်းတစ်ယောက်ကို...
သက်ဆုံးတိုင်.. ချစ်ရမယ်..
ထင်နေတာ မှား..... ပြီ
မခံနိုင်အောင် ဆွေးပြီ..
မယုံနိုင်အောင် လှည့်စားသွားရက်သူ..
အချစ်ဆုံးလေး..............................
အချစ်ဆုံးလေး..............................
အချစ်ဆုံးလေး..............................
တလွဲတွေ မတွေးကြပါကုန်.... ၄င်းနှင့်ပတ်သက်သော tagပို့စ် မကြာမီ လာမည်.. ဖြစ်ပါသောကြောင့်.......
Thursday, September 3, 2009
ကြယ်တစ်ပွင့်ပြောသော နတ်သမီးပုံပြင်
“ဟေ့ ဒီမှာကြည့်စမ်း..”
စာအုပ်ရှေ့ဆုံးစာမျက်နှာကိုလှန်လိုက်သည်။ ပြီးတော့ အနောက်ဆုံးစာမျက်နှာကိုလှန်ပြပြန်သည်။ သပ်ရပ်မှု၊ အညစ်အစွန်းကင်းမှုတွေက စာအုပ်လေးပေါ်မှာ ထင်ဟပ်နေတာအတိုင်းသား။ ဘယ်သူ့စာအုပ်ပါလိမ့်...
“လက်ရေးကိုလည်းကြည့်ဦး.. တို့အတန်းခေါင်းဆောင်နီးပါးပဲ။ သပ်ရပ်လိုက်တာလည်းပြောမနေနဲ့။ အဲ့လိုဖြစ်အောင် ကြိုးစားကြ၊ အားမကျဘူးလား”
အတန်းခေါင်းဆောင်ဆိုသည်မှာ ကျွန်တော့်ကိုဆိုလိုခြင်းဖြစ်သည်။ ကျွန်တော် တအံ့တသြနှင့် စာအုပ်လေးကို ခပ်လှမ်းလှမ်းမှ လှမ်းကြည့်နေရသည်။ ကိုယ်တိုင်ကိုင်တွယ်ကြည့်ချင်သည့် ဆန္ဒများကလည်း တလှပ်လှပ်။ ဒါပေမယ့် ဆရာမဆီက ယူမတောင်းကြည့်မိခဲ့။
ရေစက်ဆိုသည်ကို သင်တို့ယုံပါသလား...
လူအယောက် သန်းခြောက်ထောင်ကျော်လောက်မှာ မိမိနှင့် လမ်းသွားရင်း ပုခုံးချင်းပွတ်ထိ တိုက်သွားသူနှင့်ပင် မနည်းလှသော ရှေးရေစက်ဖြစ်ပေသည်။ ယခုလို ဆရာမ၏ လိုလိုလားလားမိတ်ဆက်ပေးမှုဖြင့် ဒီစာအုပ်လေးကို သိမြင်ခွင့်ရလိုက်သည်။ စာအုပ်ပိုင်ရှင်ဟာ... ဘယ်သူပါလဲ... ။
စုံစမ်းစရာမလိုခဲ့ပါ။ ဆရာမကပဲ သူ့နာမည်လေးကို ရွတ်ပြခဲ့သည်။ ....... ။ “ဘီ” တန်းက တဲ့။ နှစ်ခန်းထဲသာရှိသမို့ အခန်းပြင်ထွက်ပြီး ဟိုဘက်အခန်းရှေ့ ကော်ရစ်ဒါကို လမ်းလျှောက်လိုက်လျှင် စာအုပ်ပိုင်ရှင်ကိုတွေ့နိုင်သည်ပဲ။
သူနှင့် စပြီး ရင်းနှီးခွင့်ရခဲ့သည့်အချိန်ကို ယနေ့ထိမေ့မရပါ။ ဆရာမ ဒေါ်သီသီလှိုင်သင်ကြားသော multimedia အခန်းလေးထဲတွင်ဖြစ်သည်။ အလယ်တန်းကျောင်းကြီးက အသစ်စက်စက်မို့ သင်ထောက်ကူပစ္စည်းများကလည်း လူကြီးများကောင်းမှုဖြင့် အားလုံးအသစ်တွေချည်း။ ကျောင်းသားကျောင်းသူအသစ်၊ ဆရာအသစ်တွေဖြင့် မြို့သစ်ကြီးအလယ်ခေါင်တွင်ရှိသော ဤကျောင်းသစ်ကြီးမှာ အရာရာအသစ်အဆန်းတို့ဖြင့် လန်းဆန်းဖျတ်ကြွနေခဲ့သည်လေ။
ကျောင်းပိတ်ရက်များတွင် ဖွင့်သောသင်တန်းဖြစ်သည်။ ကျောင်းမှ ထူးချွန်သူများအတွက် အလေးပေးဖွင့်ပေးထားသော အတန်းလည်းဖြစ်သည်။ အယောက်နှစ်ဆယ်မပြည့်သည့် စာသင်ခန်းတွင် ပဉ္စမတန်းကျောင်းသားကျောင်းသူ ၆ဦးခန့်သာရှိမည်ထင်သည်။ ဆရာမက ကက်ဆက်ဖြင့် native တို့၏ conversation သံကိုဖွင့်ပြ၍ အတန်းသားများအား အပြန်အလှန်ပြောခိုင်းသည်။ ကျွန်တော် ပထမဦးဆုံးကြုံတွေ့ဖူးသော သင်ကြားမှုပုံစံအသစ်ဖြစ်ခဲ့သည်။ ပျော်လည်းပျော်ခဲ့သည်။ သူနှင့်စကားပြောရသည့် အလှည့်မှာ ကလေးတန်မဲ့ ကျွန်တော်စိတ်တွေလှုပ်ရှားနေသည်။ လက်ထဲက စာရွက်ဖြူလေးသည်ပင် မသိမသာတဆတ်ဆတ်နဲ့ပေါ့။ ပထမ သူ့မျက်နှာကို ကြည့်ပြီး ကျွန်တော်စကားမပြောရဲခဲ့။ သူကတော့ ရိုးသားပွင့်လင်းပုံ၊ ခင်တတ်မင်တတ်ပုံ၊ ကျွန်တော့်ထက် သတ္တိရှိပုံပေါ်ပါသည်။ ထက်လည်းထက်မြက်မည့်ပုံ ။
သင်တန်းရက်တိုင်း ကျွန်တော်သိပ်ပျော်ရွှင်ခဲ့သည်။ စာသင်ကြားရသည်ထက် သူနှင့်အတူ စာဖတ်ရခြင်းကြောင့်ပါ။ အတန်းပြင်ပချိန်တွေ ဆရာမပေးလိုက်သည့် lesson များကို နှစ်ယောက်အတူလုပ်ဖို့ တာဝန်ပေးလိုက်သဖြင့် ကျွန်တော်နှင့် တစ်လမ်းတည်း တစ်ဘလောက်တည်းနေသည်ဆိုသော သူ၏အိမ်သို့ ကျွန်တော်ပထမဆုံးအကြိမ်ရောက်သွားခဲ့သည်။ သူ့မိသားစုလေးက အလွန်ဖော်ရွေပြီး ခေတ်မှီကြသည်။ ပညာတတ်အသိုင်းအ၀ိုင်းကမှန်း မြင်ရုံနှင့်သိသာသည်။ သူ့မေမေနှင့် မူကြိုအရွယ် သူ့မောင်လေးတို့သာ အိမ်မှာရှိသည်။ သူ့ဖေဖေက အလုပ်သွားနေတာမို့ သူ့မေမေကပဲ ကျွန်တော့်ကို ဧည့်ခံရှာသည်။ သမီးဖြစ်သူ၏ ပထမဆုံးအိမ်ကိုလာလည်ဖူးသော ယောက်ျားလေးသူငယ်ချင်းအဖြစ်ဖြင့် ကျွန်တော့်အပေါ် ဆက်ဆံမှုက သူစိမ်းမဆန်ခဲ့။ ကျွန်တော့်အတွက် ဧည့်ခံသော ပုသိမ်ဟာလ၀ါမှာ ခါတိုင်းစားဖူးသည်ထက် အလွန်ချိုမြနေခဲ့သည်မှာ ဘာကြောင့်လဲတော့မပြောတတ်။ ကော်ဖီကိုလည်း တစ်ဝက်ကျော်ကျော်ကုန်လောက်သည်အထိ ကျွန်တော်သောက်ပစ်ခဲ့သည်။ သူနှင့် ဆက်ပြီး စာတွေလုပ်ကြတော့ တစ်ဦးနှင့်တစ်ဦး အနည်းငယ်စိမ်းနေသေးသည့်အတွက် ရှက်သလိုလိုကျွန်တော်ကလုပ်နေသေးသည်။ သူကလည်း အလကားနေရင်း ကျွန်တော့်ကိုကြည့်ကာ ရယ်ရယ်နေသည်။ နောက်ဆုံးတော့ အသားကျသွားပြီး လေ့ကျင့်ခန်းစကားပြောတွေကို သူကပဲ ဦးဆောင်သွားခဲ့သည်။
............
......
..
သူနှင့် ခင်မင်ရင်းနှီးရသည်ကို ဂုဏ်ယူစရာတစ်ခုလို ကျွန်တော်အမြဲသဘောထားခဲ့သည်။ သူသည် ဘ၀တွင် ကျွန်တော်မြတ်နိုးလေးစားရသည့် ပထမဆုံးသောမိန်းကလေးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သူက အတန်းထဲတွင်သာမက ကျောင်းတွင်ပါ အလွန်ပေါ်ပြူလာဖြစ်ခဲ့သည်။ သူ၏ ဣနြေ္ဒကြောင့်တစ်ကြောင်း ပွင့်လင်းရိုးသားခိုင်မာသည့် သူ့စိတ်ဓါတ်ကြောင့်တစ်မျိုး၊ ထူးချွန်ထက်မြက်သည့် သူ့အရည်အချင်းတွေကြောင့်တစ်ဖုံ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ့ကိုခင်မင်ချင်သော ယောက်ျားလေး သူငယ်ချင်းများ အလွန်ပေါများလှသည်ကို ကျွန်တော်ဘာရယ်မသိ မနာလိုဖြစ်ခဲ့သည်။ သူများတွေထက် ကျွန်တော့်အပေါ် သူပိုပိုသာသာ အလေးထားဆက်ဆံမှုကို ကျွန်တော်တစ်လျှောက်လုံး လိုချင်တပ်မက်မိသည်။ သူငယ်ချင်းထက် ပိုသည့်အကြည့်များ၊ ဂရုစိုက်မှုများ တခါတရံသူ့ကို ကျွန်တော်ပေးခဲ့ဖူးသည်။ သူလည်း သတိထားမိကောင်းထားမိနိုင်ပါသည်။
တစ်ခါက ပဉ္စမတန်းဆုပေးပွဲမတိုင်မီ တစ်ရက်တွင်ဖြစ်လိမ့်မည်။ ဇန်န၀ါရီလ တစ်ရက်နေ့ (ကျွန်တော်၏မွေးနေ့) တွင် တိုက်တိုက်ဆိုင်ဆိုင်ပြုလုပ်သည့် ဆုပေးပွဲအခမ်းအနားကို သတ်မှတ်ထားသောရက်တွင် ကျင်းပမည်။ ထိုညက ဒီဇင်ဘာလ ၃၁ ရက်နေ့၏ နောက်ဆုံးညဖြစ်သည်။ သူ၏မွေးနေ့ညလည်းဖြစ်သည်။ သူက ကျွန်တော့်ထက် အသက်တစ်ရက်သာ ကြီးသူဖြစ်သည်။ ညနေပိုင်းကျူရှင်တွင် သူ၏ သူငယ်ချင်းများကိုသာ သူမုန့်တချို့လိုက်ဝေခဲ့သည်။ လူများသဖြင့် ကျွန်တော့်ကိုမေ့ကျန်ခဲ့တာဖြစ်နိုင်သည်။ သူတတ်နိုင်သလောက်သာ သူကျွေးသည်ဟု ကျွန်တော် အတင်းပင်နားလည်လိုက်ရသည်။ သို့သော် ထိုအချိန်ကတည်းက သူ့အတွက် မွေးနေ့လက်ဆောင်လေးတစ်ခု အမှတ်တရအနေဖြင့်ပေးရန် ကျွန်တော်စဉ်းစားနေခဲ့သည်။ လက်ထဲတွင်လည်း ပိုက်ဆံများများစားစားမရှိ။ တစ်ထောင်ကျော်ကျော်လောက် ပိုက်ဆံလေးဖြင့် လက်ဆောင်ကောင်းကောင်းတစ်ခု မ၀ယ်ပေးနိုင်မှာ ကျွန်တော်စိုးသည်။ အိမ်က တောင်းလျှင်ရသော်လည်း ကျွန်တော့်မုန့်ဖိုးလေးဖြင့်သာ သူ့အတွက် ၀ယ်ပေးချင်မိသည်။
ထိုစိတ်ဖြင့်ပင် တစ်ညနေလုံး သူ့အတွက် မြို့သစ်ကျဉ်းကျဉ်းလေးထဲတွင်ရှိသော လက်ချိုးရေလို့ရသည့် စတိုးဆိုင်လေးများသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် ကျွန်တော်လက်ဆောင်လိုက်ရှာခဲ့သည်။ ကျွန်တော့်စေတနာမှန်လို့ဟု ကျွန်တော်နာမည်ကောင်းမခံချင်သော်လည်း ကျွန်တော့်ဇွဲကြောင့် နောက်ဆုံး တွင် ကျေနပ်လောက်သည့် လက်ဆောင်လေးတစ်ခု သူ့အတွက်ဝယ်ခဲ့သည်။ ပါကင်ကို ကိုယ်တိုင်တစ်ခါမှ မထုပ်ဖူးသဖြင့် ဆိုင်ကအဒေါ်ကြီးကိုပင် ငွေငါးဆယ်အပိုပေး၍ လှလှပပလေးထုပ်ပိုးခိုင်းခဲ့သည်။ ထို့နောက်တော့ သူ့အိမ်ဆီကို လှမ်းနေတဲ့ကျွန်တော့်ခြေလှမ်းတွေနဲ့အတူ ကျွန်တော့်နှလုံးခုန်သံတွေက နရီမကိုက်၊ စည်းချက်မကျ။ ချွေးစေးတွေတောင် ပြန်နေပြီပဲ။ ကျွန်တော် ရင်တွေခုန်လိုက်တာ....။
လက်မခံမှာ၊ သူ့မေမေတစ်မျိုးထင်မှာတွေကိုလည်း ကျွန်တော်စိုးစိမျှမစိုးရိမ်ခဲ့။ သိပ်ကြောက်တတ်တဲ့ ကျွန်တော့်ရဲ့သတ္တိတွေ ဘယ်ကများထွက်လာပါလိမ့်။ တံခါးက ဘဲလ်လေးကိုနှိပ်လိုက်တော့ သူ့မေမေတံခါးလာဖွင့်သည်။ သူ့မောင်လေးပါ ခေါင်းလေးပြူထွက်လာသည်။ “ဒီနေ့ သူ့မွေးနေ့မို့ သူ့အတွက် လက်ဆောင်လာပေးတာပါ အန်တီ” လို့ဆိုတော့ သူ့မေမေက ပြုံးပြပြီးတော့ဘဲ သူ့ကိုလှမ်းခေါ်လိုက်တယ်။ တံခါးဝက သံပန်းတွေကြားထဲကပဲ သူ့လက်ထဲထည့်ပေးခဲ့ပြီး ကျွန်တော်ရှက်ရှက်နဲ့ တစ်ကိုယ်လုံး ထူပူနေလျက်က လှေကားတစ်လျှောက် ခုန်ပျံကျော်လွှားပြီး ပြေးဆင်းလာခဲ့လိုက်တယ်။ “သမီး သူ့ကို ဘာမှလည်း မကျွေးဘဲနဲ့” လို့ပြောနေတဲ့ သူ့အသံကို ကျွန်တော်ကြားဖြစ်အောင် ကြားလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲဒီညက အပျော်လွန်ပြီး တော်တော်နှင့် အိပ်မပျော်ပါ။
မနက် ဆုပေးပွဲရောက်တော့ အခမ်းအနားမစခင် ကျွန်တော် သူခန်းမထဲ ၀င်အလာကို လည်ပြန်မျှော်ကြည့်နေမိသည်။ တကယ့်တကယ်ဝင်လာတော့လည်း ကျွန်တော်မျက်နှာပူလို့ အနောက်ကိုလှည့်မကြည့်ဖြစ်တော့ပါဘူး။ အခမ်းအနားစလို့ ဇာတိမာန်သီချင်း တစ်ခန်းမလုံး စ ဆိုကြတဲ့အချိန်မှ ထွက်ပေါက်တစ်ခုလို စိတ်က ရသွားပြီး မရဲတရဲနဲ့သူ့ဆီလှည့်ကြည့်လိုက်သည်။ “ကြိုက်လားဟင်” လို့ လေသံလေးနဲ့ ကျွန်တော်မေးတာကို သူက ချက်ချင်းကြားပါသည်။ ခေါင်းလေးညိတ်ပြပြီး “ကြိုက်တယ်” တဲ့။ သူပြုံးလိုက်ပုံက အပြစ်ကင်းနေလိုက်တာဗျာ။ ကျွန်တော်ရလိုက်တဲ့ အလိုချင်ဆုံး ကျွန်တော့်အတွက်မွေးနေ့လက်ဆောင်လေးပါပဲ။
အဲဒီ ပိရမစ်ပုံစံ ဖန်တုံးလေးကို သူ့ဆီမပေးမီလမ်းမှာ ကျွန်တော်အနမ်းတွေ ထောင်သောင်းမက ပေးလိုက်တာကို သူများသိခဲ့ရင်........... ............... ....................
ဒီလိုနဲ့ စာသင်နှစ် ၃နှစ်လောက်ဖြတ်သန်းလိုက်ရသည်။ ကျောင်းသားအသစ်၊ သူငယ်ချင်းအသစ်တွေ ထပ်ရလာလည်းဘဲ ကျွန်တော်က သူ့အတွက် အမြဲတမ်းပေးဆပ်ထားတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ ရှိနေဆဲပါ။ သူနဲ့အတူ ကျွန်တော် နွေရာသီကျောင်းပိတ်ရက်မှာ ကျူရှင်တစ်ခုတည်း အတူတက်ခွင့်ရခဲ့သည်။ ကျွန်တော့်ကိုမောင်နှမသားချင်းလို သိပ်ခင်သည့် ကျွန်တော်တို့ထက် တစ်တန်းကြီးတဲ့ အစ်မအိမ်မှာ နွေရာသီ အင်္ဂလိပ်စာသီးသန့် စာသင်ဝိုင်းလေးတက်ခဲ့ရဖူးသည်။ အတန်းတူ ကျောင်းသားက သူနှင့်ကျွန်တော်နှစ်ဦးတည်းမို့ ဘာမဆို အတူတိုင်ပင်၊ အတူသွား၊ အတူပြန်၊ စာအတူလုပ်၊ စကားအတူပြောပေါ့။ တစ်ချိန်လုံး ရယ်မောပျော်ရွှင်ခဲ့ရသည့် ပျင်းစရာအတိကင်းသော နွေရာသီတွေပါပဲ။
သတ္တမတန်းရောက်တော့ သူနှင့်ကျွန်တော် ဆက်ဆံမှုအနည်းငယ်ကျဲသွားသည်။ ကျူရှင်လည်းသိပ်မတူတော့။ ကျွန်တော်နှင့်အပြိုင် သူ့ကိုအင်မတန်ချစ်ခင်နေသည့် ကျွန်တော်သိပ်ချစ်ရသည့် သူငယ်ချင်းတစ်ယောက်အကြောင်းလည်း ပါမှပြည့်စုံလိမ့်မည်။ သူက အင်မတန်ပျော်တတ်သည့် သူငယ်ချင်းတစ်ဦး။ သူငယ်ချင်းတွေပျော်ဖို့အတွက်ဆို ပေါက်ကရလေးဆယ်အကုန်ပြောရဲသောသူဖြစ်သည်။ ဒီသူငယ်ချင်းကလည်း သူနှင့်အတော်ရင်းနှီးသည်။ သူ့ကို စိတ်ဝင်စားနေပြီဟု ကျွန်တော့်ကို တရားဝင်ပြောဆိုတိုင်ပင်ဖူးသည်။ ကျွန်တော်ကတော့ ကလေးတွေသာရှိပါသေးသည်ဟုပဲ ပြောဖြစ်ခဲ့သည်။ စိတ်ထဲမှာတော့ သိပ်ပြီးသဘောထားမကြီးခဲ့ကြောင်း ကျွန်တော်ဝန်ခံပါသည်။ သို့သော် အားလုံးဟာ ကျွန်တော်သိပ်ချစ်ရသော သူငယ်ချင်းတွေဖြစ်နေသည့်အတွက် သည်သူငယ်ချင်းအတွက် ကျွန်တော်တို့နှစ်ဦးခင်မင်မှုကို ရပ်စဲ၍ ကျွန်တော်က နောက်ဆုတ်ပေးမည့်လူစားမျိုးလည်းမဟုတ်။ သူငယ်ချင်းနှင့်အပြိုင်လည်း လိုက်ပြီး သူ့အပေါ် မပိုးပန်းချင်ခဲ့။ ကျွန်တော်ဟာ ဘ၀ကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်သည့်သူလေ။ ရန်များတာ၊ မိတ်ပျက်တာ ကျွန်တော်မလိုလား။ ထို့ကြောင့်ပဲ အားလုံးနှင့် သင့်တင့်လျောက်ပတ်အောင် ကျွန်တော်နေခဲ့ပေါင်းသင်းခဲ့ရသည်။
သည်အချိန်တွေမှာ အတန်းထဲသို့အသစ်ရောက်လာသည့် တခြားက မိန်းကလေးသူငယ်ချင်းတွေလည်း ကျွန်တော့်မှာ အတော်များခဲ့သည်။ ကျွန်တော့်အပေါ်လည်း အလွန်အလိုလိုက် အနစ်နာခံခဲ့သော သူငယ်ချင်းကောင်းများဖြစ်ကြသည်။ အကြိုက်တူ စိတ်တူကိုယ်တူ ပေါင်းသင်းခဲ့ရသည့် သည်သူငယ်ချင်းများကြောင့် သူ ကျွန်တော့်အပေါ် ဆက်ဆံမှုကျဲပါးသွားသည်လား၊ သဘောထားပြောင်းလဲသွားသည်လား ကျွန်တော်မပြောတတ်ပါ။ ကျွန်တော်က အားလုံးအပေါ်တန်းတူ ပေးဆပ်ခင်မင်ခဲ့သလောက် သူကျွန်တော့်အပေါ် ရင်းနှီးမှုက အရင်လိုမဟုတ်တော့ကြောင်း ကျွန်တော်သတိထားမိလာခဲ့သည်။ နောက်ပိုင်း အပြင်မှာလည်းသိပ်မတွေ့ဖြစ်၊ ကျူရှင်လည်းမတူတော့၊ အပေါင်းအသင်းချင်းလည်း ကွာသွားတော့သဖြင့် ကျွန်တော်တို့ တစစဝေး ဝေးသွားခဲ့သည်ဟု ကျွန်တော်ခံစားရသည်။
......................
..............
......
အဋ္ဌမတန်းရောက်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ လုံးဝကွဲထွက်သွားပြီဖြစ်သည်။ သူက တီတီစီကျောင်းသို့ ပြောင်းသွား၍ ကျွန်တော်က လမ်းမတော် ၁ သို့ပြောင်းသွားခဲ့သည်။ မြို့ထဲသို့ အိမ်ပါပြောင်းနေသော ကျွန်တော်နှင့် ထိုမြို့သစ်လေးမှာပင် မိသားစုစီးပွားရေးပြုလုပ်သည့် သူ.. ထပ်မံတွေ့ဆုံနိုင်ရန် အခွင့်အရေးက နည်းပါးလွန်းသွားသည်။ န၀မတန်း၊ ဒသမတန်းတို့အတွက် ကြိုးစားပြင်ဆင်ရင်း ပတ်ဝန်းကျင်အသစ်၊ သူငယ်ချင်းအသစ်တို့ဖြင့် ကျွန်တော်ပျော်ရွှင်နေခဲ့သော်လည်း သူ့ကိုတော့ ကျွန်တော်မမေ့ခဲ့ပါ။ သူ့ဘက်က ခံစားချက်မှန်သမျှကိုတော့ ကျွန်တော်စေ့စေ့တောင် တွေးမကြည့်တတ်ခဲ့။ သူက အင်မတန် ဖုံးကွယ်သိုသိပ်တတ်သော မိန်းမပေပဲ။
နှစ်တွေ အလီလီပြောင်းခဲ့ပြီးပြီ။ ကျွန်တော်တို့လည်း အထက်တန်းတွေ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြလို့ ကိုယ်နှစ်သက်ရာ ဘာသာတွေကို တက္ကသိုလ်အသီးသီးမှာ သင်ကြားနေခဲ့ကြပြီ။ မေ့မရတဲ့ ဒီမြို့လေးဆီကိုတော့ ကျွန်တော် ၆ လတစ်ခါလောက် ညအိပ်ညနေအလည်သွားဖြစ်အောင် ကြိုးစားသည်။ သွားလည်းသွားခဲ့ပါသည်။ ထိုအချိန်ထိ ကျွန်တော့်ကို ခင်မင်တွယ်တာနေသော သူငယ်ချင်းတချို့၊ အစ်မတချို့၏ စိတ်ရင်းတွေကိုလည်း အဲဒီကျမှ ကျွန်တော်ကောင်းကောင်းသဘောပေါက်သည်။ မေဂျာမတူ၊ ကျောင်းမတူသည့် သူ့ကို သတင်းလေးဘာလေးသွားမေးရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေ စမြုံ့ပြန်လိုစိတ်နဲ့ သူ့ဆီသို့ ကျွန်တော် ၃ခေါက်လောက် သွားတွေ့ဖြစ်ခဲ့သည်။ မြို့လေးအတွင်းမှာပဲ တခြားလမ်းသို့ သူအိမ်ပြောင်းသွားခဲ့သည်။ ကျွန်တော်နှင့်တွဲနေကျ သူငယ်ချင်းတစ်ဦးရယ်၊ ကျွန်တော်နဲ့သိပ်ရင်းနှီးတဲ့ ဟိုအစ်မရယ်နဲ့အတူ သူ့ဆီကိုသွားတာပါ။ ကျွန်တော်တစ်ယောက်တည်းသွားဖို့ မ၀ံ့တော့သလို၊ ၀န်လည်းလေးနေမိလို့။ သူ့ဘက်က ဆက်ဆံမှုတွေက အရင်ကလောက် ဆားမပါတော့ဘူး။ သူ ဘာ့ကြောင့်အခုလို ပြောင်းလဲသွားခဲ့သလဲ ကျွန်တော်မတွေးတတ်ပါ။ ကျွန်တော်မသိခဲ့တဲ့ နစ်နာအထင်လွဲမှုတစ်စုံတစ်ရာများ ရှိခဲ့လေသလား၊ ဒါမှမဟုတ် တမင်တကာပဲ သူကျွန်တော့်ထံမှ ရှောင်ထွက်သွားခဲ့သည်လား။ ကျွန်တော် သူ့ကို ဘာရည်ရွယ်ချက်နဲ့မှ မခင်ခဲ့တာ သူမသိလေရော့သလား။ နင့်ကို ငါ သိပ်မြတ်နိုးပေမယ့် ပိုင်ဆိုင်ချင်စိတ်က သေးသေးလေးရယ်ပါကွာ..။ နင်ပျော်နေ ပြုံးနေတတ်ရင် ငါ ... အဝေးက ကျေနပ်နေတာပါ။
နောက်တော့ အသွားအလာအပြင် အတွေ့အဆုံက လုံးဝမရှိတော့လုနီးပါး။ သူလည်း သူ့ဘ၀သူရပ်တည်။ ကျွန်တော်လည်း ကျွန်တော့်ဘ၀အတွက် ရုန်းကန်ရင်း အမိမြေကနေ ထွက်ခွါလာခဲ့ပြီးပြီ။ သူ့သတင်းတွေတော့ သူငယ်ချင်းတွေ၊ အစ်မတွေဆီက တစ်ဆင့် သဲ့သဲ့ကြားပါသည်။ သူရည်းစားတွေထားနေတာ၊ ငယ်ငယ်က ကျွန်တော်နဲ့အပြိုင် သူ့ကိုမြတ်နိုးဖူးတဲ့ ဟိုသူငယ်ချင်းကို သူလက်ခံလိုက်တာ၊ အရင်ကလို မဟုတ်တော့တာ၊ စသဖြင့် စုံလို့ပါပဲ။ ကျွန်တော်ကတော့ သူ့ပါးစပ်က ဖွင့်ဟမ၀န်ခံမချင်း ယုံမယ့်ကောင်မဟုတ်ပါဘူး။ ဘာတွေပြောပြောပါ သူဘာပဲဖြစ်နေနေ ဘယ်ဘ၀ရောက်နေနေ ကျွန်တော်က သူ့အတွက် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်သာ ဖြစ်ချင်ခဲ့တာပါ။
သိပ်မကြာသေးခင်ကပဲ သူ့ဆီက အဆက်အသွယ်ရပါတယ်။ ကျွန်တော်ကြားတဲ့သတင်းတွေမှာ တချို့တ၀က်ပဲ မှန်ပါတယ်တဲ့။ သူ တော်တော်များများကို ဖုံးကွယ်ခဲ့ကြောင်း၊ ကျွန်တော့်ကိုကြိတ်ပြီး မရိုးသားနေတဲ့ သူငယ်ချင်းမလေးတစ်ယောက်ကြောင့် သူ ကျွန်တော့်အပေါ် ဟန်ဆောင်ဆက်ဆံခဲ့ကြောင်း၊ ဟိုသူငယ်ချင်းကို သူတကယ်လက်ခံခဲ့ကြောင်း... .... ..... ဘာတွေလဲဗျာ.. နားကိုမလည်နိုင်တော့ဘူး။ ရှင်းလင်းအောင်လည်း သူက ရှင်းမပြဘူး။ ကတိတွေရှိခဲ့ကြတယ်လေ... ဆိုတဲ့ သူ့စကားတွေ၊ အဟောင်းကို အသစ်မလုပ်ပါနဲ့တော့ ... ဆိုတဲ့ သူ့စာသားတွေနဲ့.. ကျွန်တော်ဟာ သိချင်စိတ်တွေကို အဓမ္မမြိုသိပ်ပစ်နေတဲ့လူပါ။ သူ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းခဲ့ရသလဲ.. ...
သူငယ်ချင်းရယ်.. ...
အချိန်နဲ့အခွင့်အရေးသာ ပေးမယ်ဆိုရင် ငါ ... နင့်ဘေးမှာ နင့်ကိုအားပေးရင်း နင့်ဘ၀ကို နင်နဲ့အတူ လိုက်ပြီးခံစားပေးချင်မိပါတယ်။ ငါ့သံယောဇဉ်တွေ၊ စေတနာတွေကို အခု နင်နားလည်နေပြီဆိုတဲ့အတွက်လည်း ငါကျေးဇူးတင်ပါတယ်။ ငါ့အတွက်က.. နင့်နှလုံးသား တစ်နေရာမှာမြုပ်နေတဲ့ ရုပ်ကြွင်း၊ စိတ်ကြွင်းလေးတစ်စပဲ ဖြစ်နေပါစေ.. နင့်ဘ၀ထဲ ငါ ရှိနေသေးတယ်ဆိုတဲ့ အသိလေးတစ်ခုတည်းနဲ့ ငါနင့်ကို သူငယ်ချင်းကောင်းအဖြစ်နဲ့ပဲ ထာဝရမြတ်နိုးသွားပါ့မယ်။ ။
..................
.............
........
ကာရွာသိုး (YTU) tag လို့ ဖြစ်ညှစ်ပြီး ရေးပေးလိုက်ပါတယ်။ စိတ်ထဲမှာ သိပ်ပြီးအစာကြေနေတဲ့ အချိန်မဟုတ်လို့ ဒီလောက်အရေးလေးနဲ့တင် ကျေနပ်ပေးဖို့လည်း တောင်းဆိုပါတယ်။
Craton
ညစ်သမျှတွေ လန်းခဲ့တယ်
ပထမဆုံးကားသမားနဲ့ ဈေးတည့်သွားပြီး တက်လိုက်လာခဲ့တယ်။ ကားသမားက သဘောခပ်ကောင်းကောင်းပါပဲ။ စကားတော့ နည်းနည်းများတယ်။ လူကလည်း ညစ်နေတော့ သိပ်အားမနာနေနိုင်ဘဲ စကားစပြတ်တာနဲ့ နားကြပ်ကောက်တပ်လိုက်တော့တယ်။ သူတစ်လမ်းလုံး ငြိမ်သွားတယ်။
တော်သေးလို့ ကားကြပ်တဲ့လမ်းက မမောင်းဘူး။ မိုးရွာနေတော့ ဒီအချိန် ခါတိုင်းလမ်းကမောင်းရင် တော်တော်နဲ့မြို့ထဲရောက်မှာမဟုတ်ဘူး။ သူက အလိုက်တသိ လမ်းရှင်းပြီး တိတ်ဆိတ်တဲ့ Bangsar Highway ကသွားတယ်။ တိတ်ဆိတ်ပြီး သီချင်းတငြိမ့်ငြိမ့်နဲ့ စိတ်နည်းနည်းနူးညံ့သွားတယ်။ ကားလေးက လမ်းမကျယ်ကြီးအတိုင်း KL ဆီ ဦးတည်နေတာ။
toll တစ်ခုမှာ ခဏရပ်တော့ ရတဲ့အခိုက်လေး ဓါတ်ပုံရိုက်လိုက်တယ်။ အမှန်က ဟိုဖက် မီးတိုင်လေးတွေအောက်က အပြာရောင် လိုကယ်လ်တစ်စီးဖြတ်သွားတာကိုရိုက်မလို့ပဲ။ ရထားက တိုပြီးမြန်လွန်းတော့ ဖင်ပိုင်းတောင် မမှီလိုက်ဘူး။
မြို့ထဲရောက်ပြီ။ ဇေယျာဆိုင်ဝင်။ ငွေထုတ်၊ ငွေလွှဲ၊ ဈေးဝယ်။ မဂ္ဂဇင်းမဖတ်တာကြာလို့ Lifestyle တစ်အုပ်ရွေးလိုက်တယ်၊ ကျန်တဲ့စာအုပ်နှစ်အုပ်လောက်နဲ့ ဆေးတချို့၊ မုန့်တချို့ဝယ်ပြီး ပြန်ထွက်ခဲ့တယ်။ လူတွေက ပျားပန်းခတ်နေတာပဲ။ အနောက်က ကပ်ပါလာတဲ့ မြန်မာစုံတွဲကလည်း တတွတ်တွတ်နဲ့ ကျီစယ်စကားတွေပြောနေလိုက်ကြတာ။ ဘာမှဝေဖန်မနေတော့ဘဲ တိတ်တိတ်လေးဆက်လျှောက်ခဲ့လိုက်တယ်။ အဲဒီ Kota Raya တစ်ဝိုက်တင် မိုးဖွဲဖွဲထဲ ထီးမဆောင်းဘဲနဲ့ ဟိုဘက်ဂျလန်းလိုက်၊ ဒီဘက်ဂျလန်းလိုက် နာရီဝက်နီးပါး လျှောက်ပတ်နေလိုက်တယ်။ မြန်မာဆိုင်တွေ တစ်ဆိုင်ဝင်၊ တစ်ဆိုင်တက် ဈေးလျှောက်ဝယ်တာ။ စားချင်တာတွေရော၊ ကြည့်ချင်ဖတ်ချင်တာတွေရော။
ပြီးတော့ ဘတ်စ်နဲ့ပဲ ပြန်လာခဲ့တယ်။ ကားပေါ်မှာ နည်းနည်းမူးလာတာနဲ့ ၀ယ်ထားတဲ့ ပူရှိန်းရှိန်း mint လေးငုံပြီး မှေးခနဲအိပ်ပျော်သွားသေးတာ။ နိုးလာတော့ ကားပေါ်မှာလူတွေတောင်အပြည့်အကျပ်။ ညနေစောင်းချိန်ပေါ့။ ခဏနေတော့ Sunway Pyramid နားရောက်လာတယ်။ မရောက်တာကြာလို့ ဈေးဝင်ဝယ်ပါဦးမယ်လေဆိုပြီး ဆင်းလိုက်တယ်။ ပြီးတော့ တန်းတန်းမတ်မတ်ဘဲ ဘယ်မှမငေးဘဲ Shopping Mall ကြီးထဲဝင်လာခဲ့တယ်။
ဝင်ဝင်ချင်း စက်လှေခါးတွေရဲ့ အလယ်အ၀ိုင်းကြီးထိပ်မှာ ဒီကောင်ကြီးတွေကိုတွေ့တာပဲ။ ရှူးပျံကြီးတွေ။ လူတွေအများကြီးကိုကြည့်ရင်း ခန်းမအလယ်ခေါင်ကြီးမှာ ပျော်နေတာထင်ပါရဲ့။
ပြီးတော့ Jusco ထဲဝင်။ အင်္ကျီတွေ စိတ်ကြိုက်ဝင်မွှေလိုက်တယ်။ နောက်ဆုံး လက်ရွေးစင် ၃ထည်ရတယ်။ တွက်မနေတော့ဘဲ တစ်ခါတည်းဝယ်လိုက်တယ်။ ချွေတာနေတာနဲ့ ကျန်းမာရေးထိခိုက်တာပဲအဖတ်တင်တယ်။ ခုလိုစိတ်လွတ်ကိုယ်လွတ်ဈေးမ၀ယ်ရတာ ကြာပြီလေ။ ပြီးတော့ ကြီးမားလှတဲ့ ရှော့ပင်းမောလ်ကြီးထဲ ဟိုကြည့်ဒီပတ်။
ဒါက thai-made တွေ။ ဈေးလည်းပေါတယ်။ အဆင်အသွေး ဒီဇိုင်းလည်းအတော်စုံတယ်။ အောက်က ဒီကော်ဇောလိပ်ကြီးတွေလို ဟိုး ၅ ထပ်ထိပ်ကနေ အောက်ထိဖြန့်ချထားတာက ဘာကြီးတွေလည်းမသိ။ 1001 လို့ရေးထားပြီး လှတာတော့အတော်လှသား။
ရေခဲစကိတ်ကွင်းဖက်ရောက်သွားတယ်။ မစီးတာကြာပြီ။ ၀င်တော့မစီးချင်တော့ပါဘူး။ ဒီအချိန်မှစီးရင် မတန်ဘူး။ ကွင်းထဲ လူကလည်းနည်းနည်းလေး။ ပျော်စရာသိပ်မကောင်းဘူး။ ဒါနဲ့ပဲ သူများစီးတာလေးတွေကြည့်ပြီး အားကျခဲ့ပါတယ်။
ဗိုက်ဆာလာတာနဲ့ LG2 မှာရှိတဲ့ ဆာကာအဲ (Sakae) လို့ခေါ်တဲ့ ဆူရှီဆိုင်ထဲဝင်ခဲ့တယ်။ တွေ့တွေ့ချင်း ဂျပန်လိုနှုတ်ဆက်ခြင်းခံရပြီးနောက်မှာ မြန်မာအသိတစ်ယောက်ရှိတဲ့ဆိုင်မို့ သူကပဲ နေရာထိုင်ခင်းလိုက်ပြ မှာချင်တာမှာစေပါတယ်။
အဆင်ပြေမယ့် နေရာလေးတစ်နေရာရွေးလိုက်ပြီး သံသရာလည်နေတဲ့ အဲဒီဆူရှီတွေကို ကြိုက်တာချစားပါတော့တယ်။ ဆိုင်လေးက သန့်ပြီးသက်တောင့်သက်သာရှိတယ်။ စားနေကြတဲ့သူတွေကလည်း ချစ်စရား)
ဆူရှိပလိတ်ထ်ကို နည်းနည်းလောက်ပဲစား၊ ကော်ဖီလေးသောက်ရင်းနဲ့ Soup တစ်ခုခုသောက်ဖို့ စိတ်ကူးရပါတယ်။ ဒါနဲ့ စားပွဲအပေါ်က desktop မှာ mouse လေးကိုင်၊ ကိုယ်စားချင်တာရယ်၊ ပွဲအရေအတွက်ရယ်ကို ရွေးပြီး confirm လုပ်ပြီးမှာရပါတယ်။ ခဏနေတော့ ပုံမှာပြထားတဲ့အတိုင်း ပွက်ပွက်ဆူနေတဲ့ Kimuchi Ramen လေးရောက်လာပါရော။
ခပ်ချမ်းချမ်းရှိတာနဲ့ ရှလူးရှလူးဖြစ်အောင်ကို အားရပါးရစားပစ်လိုက်ပါတယ်။ ကျနော်ကြိုက်တဲ့အရသာပဲ။ အတော်သောက်ကောင်းတယ်။ ဂျပန်စာတွေကိုကြိုက်တာက အစပ်လျှော့ထားလို့ပါ။ ကျနော်က အစပ်ကြိုက်ပေမယ့် သိပ်မတည့်တော့ မစားရဲ။ မျက်ရည်တောက်တောက်ကျတာပဲ အဖတ်တင်တာလေ။
ဂျင်းကိုအချဉ်လုပ်ထည့်ထားတဲ့ စည်ပိုင်းပုလေးကလည်း ချစ်စရာပါ။ အတော်စားကောင်းတာမို့ အများကြီးဗိုက်တင်းအောင် ဆွဲခဲ့ပါတယ်။
ပြီးတော့ မြေညီထပ်ဆင်း။ စ တွေ့လိုက်တဲ့ မြင်ကွင်းက တခါတည်း ဖမ်းစားထားလိုက်တော့တာပဲ။ အီဂျစ်ပြည်အတိုင်းပုံဖော်ထားတဲ့ အဆောက်အဦကြီး။ အရှေ့မှာလည်း ကုလားအုတ်နှစ်ကောင်။ လွမ်းနေတာထင်ပါရဲ့။ အဆောက်အဦဘက်ကို မျှော်လို့..
အရှေ့မှာရေပန်းလေးတွေနဲ့ ရှားစောင်းပင်ပုလေးတွေကလည်း ရှိသေး။ ပျင်းခြောက်ခြောက်နဲ့ ခမ်းနားမှုကို တွဲဖက်အသက်ဝင်အောင် ဖန်တီးထားနိုင်ပါပေတယ်။
ဒါက ရှေ့တည့်တည့်က သွားရိုက်ထားတာ။
ဒါက သူ့အပေါ်တည့်တည့်က အမိုးကိုအလှဆင်ထားတာ..
စာအုပ်ဆိုင်ရောက်တယ်။ နာရီဝက်လောက်အချိန်ဖြုန်းပစ်လိုက်တယ်။ ဖတ်ချင်တဲ့ စာအုပ်တွေက အများသား။ အကုန်သာဝယ်ဖတ်ရ မွဲရော့မယ်။ ဒါနဲ့ သေချာဝယ်ဖြစ်ဖို့စာအုပ်ကို မနည်းရွေးရပါတယ်။
မ၀ယ်နိုင်သေးတဲ့ စာအုပ်တွေတော့ သွားရည်သိမ်းပြီး ဓါတ်ပုံပဲ အ၀လိုက်ရိုက်ခဲ့တယ်။ စာအုပ်ဆိုင်လေးက သန့်ပြီး လူငယ်လူကြီး ကျောင်းသားတွေအနှံ့ပဲ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်၊ နံရံကပ်စာစောင်တွေဆို အလကားလိုလို ပေးဖတ်တော့ ဆိုင်ရှေ့က မှန်သားပြင်မှာ ကျောကုန်းလေးတွေတန်းစီလို့ မှီပြီးစာထိုင်ဖတ်နေကြတာ။ သြော်.. ပညာလိုလားလိုက်ပါဘိ။ ကိုယ့်တိုင်းပြည်က ကလေးတွေလည်း အဲ့လိုဖြစ်စေချင်မိတယ်။ အဲ့လို ထောက်ပံ့ပေးချင်မိတယ်။
စိတ်ကြိုက်သင့်တင့်တဲ့ စာအုပ် ၃ အုပ်ဝယ်လာပြီး ရေမွှေးဆိုင်လိုက်ရှာတယ်။ ရေမွှေးကုန်နေတာ ကြာပြီလေ။ နောက်ဆုံးတွေ့တော့ ရေမွှေးတစ်ပုလင်းကောက်ဆွဲခဲ့တယ် (ပိုက်ဆံရှင်းပြီးမှပါး) သိပ်ရွေးဖို့ကြည့်နေစရာမလိုဘူးလေ။ ကိုယ်ကြိုက်တဲ့အနံ့ ကိုယ်သိပြီးသား။
ပြီးတော့ နောက်တစ်ထပ်ရောက်သွား။ ဟိုကြည့်ဒီကြည့်၊ ဟိုငန်းဒီငန်း။ ယောင်တောင်တောင်နဲ့ အရုပ်ဆိုင်တွေဘက်ရောက်သွားလိုက်သေး။
ဆိုင်ရှေ့က display ကိုကြည့်ပြီး ချစ်တာနဲ့ အဲဒီဆိုင်ထဲဝင်သွားလိုက်တယ်။ အကုန်လုံးကို တန်အောင် ဓါတ်ပုံတွေပဲ လျှောက်ရိုက်ခဲ့တယ်။ ၀ယ်လာတာကတော့ မဖြစ်စလောက် ဖုန်းမှာချိတ်ဖို့ strap လေးပါ။
ပြီးတော့ ပြန်ဖို့အချိန်တန်ပြီထင်တာနဲ့ ပြန်ထွက်ခဲ့လိုက်တယ်။ ပြန်မထွက်ခင် အောက်ကိုငုံ့ကြည့်လိုက်တော့ ဟဲဟဲ စင်္ကြာပုံနေလုံးပြာပြာကြီးရဲ့ အလျှံတငြီးငြီးအောက်မှာ လှချင်တိုင်းလှနေတဲ့ အလျှံလေးတွေကို မထင်မှတ်ဘဲ ဓါတ်ပုံရိုက်လိုက်မိတယ်။ အမှန်က နေကိုရိုက်တာပါ။ သူတို့ပါသွားမှန်း ရိုက်ပြီးမှသိတား)
ကားစောင့်။ ခဏလေးနဲ့ ရောက်လာတော့ တက်စီး။ လူတွေအများကြီးဆင်းကြ၊ နေရာရ။ တစ်လမ်းလုံး ခေါင်းထဲအူတူတူနဲ့ အင်ဒိုသီချင်းတစ်ပုဒ်နားထောင်ရင်း စီးလာခဲ့လိုက်တယ်။ မှောင်နေတော့ ဘေးဘီလည်း သိပ်လိုက်ကြည့်မနေနိုင်တော့ဘူး။ ကားပေါ်က တီဗွီလည်းမကြည့်နိုင်ဘူး။ မျက်လုံးတွေမှိတ်၊ ကားမှန်လေးကို ခေါင်းမှီပြီး အိမ်နားရောက်တဲ့အထိ စီးခဲ့တယ်။
ကဲ.. ရောက်တာနဲ့ ဒါတွေပစ်ချ။ ဓါတ်ပုံထိုင်ရိုက်။ ၀ယ်ခဲ့တယ်ဆိုတဲ့ ဖုန်း strap လေးနဲ့ DKNY လေ။
ဒါက လက်ရွေးစင် ၃ထည်..
စာအုပ်ဆိုင်က ၀ယ်လာတဲ့စာအုပ်တွေ
အောက်ဆုံးက မြန်မာဆိုင်တွေမွှေပြီး ရှာကျန်လာခဲ့တဲ့ ၀တ္ထုစာအုပ်တွေ၊ ဆေးတွေနဲ့ ကျနော့်အကြိုက် ကားရီးယိုးဇာတ်လမ်းတွေ။ ကြမ်းပေါ်ဖြန့်ကျဲပြီးပဲ ဖြစ်သလိုရိုက်လိုက်တော့တယ်။ ပင်ပန်းပြီမဟုတ်လား။
ဒီပို့စ်ကို မနေ့ညကတည်းက တင်မလို့ပါ။ လိုင်းလည်းမကောင်းလို့မို့ မအိပ်ဘဲစောင့်ဖတ်မယ်ဆိုတဲ့ တီမေဇင့်ကို အားနာလိုက်တာ။ အခုဖတ်လို့ရပါပြီ။ မနေ့က ညစ်လည်းညစ်၊ ပျော်လည်းပျော်၊ စိတ်လည်းလေး၊ စိတ်လည်းပေါ့.. အခုလို shopping ထွက်လိုက်ခြင်းအားဖြင့် ညစ်သမျှတွေ တကယ်လန်းသွားတာပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ကာရွာသိုး (YTU) ပြောတာ မှန်နေပြီထင်ပါ့။ တခဏစာတဲ့။း)
Craton
Tuesday, September 1, 2009
လွတ်ငြိမ်းခွင့်အယူခံထားတဲ့ လိပ်ပြာ

သူတို့ပြန်လာကြပြန်ပြီ....
တကျက်ကျက်သံတွေနားခါးလွန်းလှတယ်
အရင်လို မပြည့်မစုံဘဲအေးချမ်းတဲ့ဘ၀လေးပဲလိုချင်မိ
မေမေ့ဆူပူသံတွေပဲ နားရည်ထပ်ဝချင်မိ
သူတို့သံကုန်ဟစ်ဆဲဆိုနေတာတွေ
ကြာတော့ ငါအရေမထူမိဘဲ ခါး..သက်..နာ..ကျင်..
သိပ်ချစ်ကြလို့ဘဲ ငါတို့ကိုတောင်လျစ်လျူရှုခဲ့ကြတာမဟုတ်လား
ခုမှ ဘာလို့............
ငါလေ.. ဆယ်ခါပြန်တောင်သေပစ်ချင်ရဲ့
သေလို့သာ ဖြတ်သန်းလွန်မြောက်သွားမယ်ဆိုရင်ပေါ့
မနက်မိုးလင်းအာရုံကျင်းတာနဲ့
သူတို့အငြင်းအခုန်တွေ ဇာတ်ရှိန်တက်
တိတ်တိတ်ဆိတ်ဆိတ်ရွာသွန်းနေတဲ့
မိုးစက်မိုးပေါက်တွေကိုမှအားမနာ...
ငါ .. ငါ့အခန်းထောင့်လေးထဲကပ်နေမိ
ဘ၀တဏှာတွေကို စိတ်ကုန်လှပါပြီ
သူတို့ကိုကြည့်ပြီး ...
ထူထောင်ဖို့စိတ်မကူးဖူးတဲ့
ဘ၀အသားသေ “ထောင်”ဆိုတာကို
တစစ... စက်ဆုပ်ရွံ့ကြောက်တတ်ခဲ့
ငါဟာ လမ်းလွဲလိုက်နေမိတာဆိုရင်
အဲဒီလမ်းကိုပဲ အဆုံးထိဆက်လျှောက်တော့မှာ
ဘယ်တော့မှ သူတို့လိုအဖြစ်မခံဘူး
ဘယ်တော့မှ မေမေရင်မကျိုးစေရဘူး
ငါ့မှာ လက်ရှိမိသားစုအပြင်
တခြားဘ၀မရှိစေရ
ငါဟာ ကလေးချစ်တတ်ပေမယ့်
ဘယ်တော့မှထောင်ထဲဝင်ပြီးမရယူ
သူတို့လိုလည်း အမုန်းပူတွေမရှာ
ဒုက္ခတွေမတည်ဆောက်..
အချစ်တု မျက်နှာအတုတွေလည်း မီးခွက်နဲ့လိုက်မရှာ
ကျေနပ်ရင် ငါ့ဘ၀ငါ သမိုင်းမြှုပ်ပြီး
လိုအပ်ရင် ငါ့ကိုယ်ငါမီးမြှိုက်မှာ။ ။
Craton
၁.၉.၂၀၀၉
photo source!






