RSS Feed (xml)

Powered by Blogger

Thursday, October 15, 2009

သိမ်မွေ့စွာနွမ်းလျနေသောကဗျာ

နံနက်စာများသည် ကော်ဖီကျဲကျဲနှစ်ခွက်ဖြစ်လေ့ရှိပြီး
မစိမ့်တစိမ့် ဘစ်စကစ်သုံးချပ်မှထောက်ပံ့သည်
အနမ်းချိုချိုတို့ဖြင့်သာ တစ်ညတာတို့
ခဏလေး... ခဏလေးဖြင့်...

ညစာတို့လွတ်မြောက်ခွင့်ရသွားသည် မနည်းတော့...

ညဉ့်အိပ်မက်တို့တွင် ချမ်းမြေ့ခြေရာတို့သည်သာကြီးစိုး၍
အပွေ့အဖက်ကြောင့်နွေးထွေးမှုသည်
လောက၏အေးစက်မှုကို ခေတ္တမျှပြည့်စုံစေသည်
မျက်တောင်အဖွင့်အမှိတ်တိုင်း
ဝင်သက်ထွက်သက်တိုင်း
စိတ်ကူးတိုင်း ရယ်မောမှုတိုင်း၌လည်း
ထိုချစ်ခြင်းတို့ အပြန်အလှန်တည်မှီနေကြ၏

ယခုမနက်မိုးသောက်တော့ ...
ငါ၏ကြယ်ပွင့်ကို သူ၏အိန်ဂျယ်လ်ကစောင့်ရှောက်ခဲ့ပြီ
ငါ၏နှုတ်ခမ်းအစုံတို့ သူ့ကြောင့်စိုပြည်ခဲ့ပြီ
ငါ၏နားနှစ်ဖက် သူ့အသက်ရှူသံဖြင့်သာယာဝပြောခဲ့ပြီ
ငါ၏ခန္ဓာ သူ့လိပ်ပြာဆီချည်နှီးခဲ့ပြီ
ငါ၏နှလုံးခုန်သံ သူ့ရင်ဘတ်၌မြည်ဟည်းခဲ့ပြီ

ငါသည် တံတားအလယ်တွင်ရပ်နေမြည်ဆိုပါလျှင်
သူသည် အဆက်မပြတ်ဖြတ်တိုက်သောလေပြည်သာဖြစ်လိမ့်...
အထီးမကျန်စေလို...
အားမယုတ်လျော့စေလို...
မွှေးသောပန်းတိုင်း၏ရနံ့ကို
သူ့ကြောင့် ငါရှူရှိုက်ခွင့်ရ၏
မြင့်မားသောကောင်းကင်သက်တန့်ကို
သူ့ကြောင့် ငါမျှော်ကြည့်ရ၏
ထို့ကြောင့်...
သူဆွဲခေါ်လာသော အိပ်မက်မြစ်များကို
ငါသည် နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်လေပြီ။ ။

Craton
၁၅.၁၀.၂၀၀၉

11 Comments:

Angel Shaper said...

သိမ်မွေ့ စွာ နွမ်းလျနေသောကဗျာလေး ကို သိမ်သိမ်မွေ့ မွေ့ လေး ခံစားသွားတယ် ခရာတွန်ရေ....
အရမ်းလှတယ်။

Anonymous said...

ကောင်းလိုက်တဲ့ကဗျာလေးနော်.....နွမ်းလျမနေပါနဲ့ အားပေးလိုက်မယ်.....ရော့....T

Christop said...

It's really tender and romantic poem.... If instead, without you this poem couldn't perfect. I love it :) I can feel well. It's really nice..- Tnz Craton

ဗညားရှိန် said...

ညဉ့်အိပ်မက်တို့တွင် ချမ်းမြေ့ခြေရာတို့သည်သာကြီးစိုး၍
အပွေ့အဖက်ကြောင့်နွေးထွေးမှုသည်
လောက၏အေးစက်မှုကို ခေတ္တမျှပြည့်စုံစေသည်
မျက်တောင်အဖွင့်အမှိတ်တိုင်း
ဝင်သက်ထွက်သက်တိုင်း
စိတ်ကူးတိုင်း ရယ်မောမှုတိုင်း၌လည်း
ထိုချစ်ခြင်းတို့ အပြန်အလှန်တည်မှီနေကြ၏

ကောင်းလိုက်တဲ့ အတွေးလေးပါပဲ

စိမ်း... said...

သိမ်သိမ်မွေ့မွေ့လေးပဲ စီးမျောလိုက်တယ်

သိင်္ဂါကျော် said...

အတွေးလေး လှတယ်...
ကဗျာထက် essay နဲ့ ပိုတူနေတယ်..

နေ့အိပ်မက် said...

ကဗျာလေးက နူးနူးညံ့ညံ့လေးရယ်... အချစ်ကားလှလှလေး ကြည့်နေရသလိုပဲ

kiki said...

ဂျူးမြစ်တော့ စားကောင်းတယ် ။။
အိမ်မက်မြစ် က ဘယ်လို အရသာရှိလဲဟင် ..
ကော်ဖီ နဲ့  ဘီစကစ်ကြီးပဲ စားနေရတာလား
တခါတလေ ပေါင်မုန့် လေး ၊ထမင်းကြော်လေး ပြောင်းစားပါအုံးလား ခရေတွန့်  ရေ...

ရဲရင့်နီ said...

အနမ်းချိုချိုတို့ဖြင့်သာ တစ်ညတာတို့
ခဏလေး... ခဏလေးဖြင့်...

ညစာတို့လွတ်မြောက်ခွင့်ကို
ထာဝရ ရခြင်နေမိသည် ။

pandora said...

ကဗျာလေးက တကယ်ကို သိမ်မွေ့တယ်..
ဖြည်းဖြည်းလေး ဖတ်သွားတယ်နော်

Craton said...

:)
ကျေးဇူး တီပန် ..