RSS Feed (xml)

Powered by Blogger

Saturday, October 3, 2009

ကြယ်တစ်ပွင့်၏ကောက်ကြောင်းများ

Desktop ပေါ်မှာတင်ထားဖြစ်တဲ့ပုံနှစ်ပုံ.. Forward မေးလ်ကရတဲ့အတွက် source ကိုတော့မသိ။ သိစရာလည်းမလို။

ဒါဟာ ၀တ္ထုတစ်ပုဒ်မဟုတ်ဘူး၊ ကလိမ်ဆင်ဇာတ်လမ်းလည်းမဟုတ်ဘူး၊ ကံမကောင်းဖူးတဲ့ ကောင်လေးတစ်ယောက်ရဲ့ အတိတ်က အချစ်သမိုင်းတချို့သာ.. ခပ်ငယ်ငယ် ခပ်မိုက်မိုက် အတွေ့အကြုံနုနုကောင်လေးတစ်ယောက်ရဲ့ တစ်သက်မမေ့နိုင်တဲ့ အမှတ်တရတချို့သာ.. သူ ကဗျာတွေရေးတတ်ဖို့ တွန်းလွှတ်ပေးခဲ့တဲ့ နင့်နင့်သီးသီးစကားလုံးတချို့ရဲ့ တစ်စိတ်တစ်ဒေသမျှသာ..


HAPPY 2nd ANNIVERSARY!!!!!!!!!!

~~ I don't care who you are..
~~ where you're from..
~~ what you did..
.. as long as you love me... ~~~

သူနှင့်ကျွန်တော်စတင်တွေ့ရှိခဲ့တဲ့ ၂၀၀၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုည... အင်း.... အခုဆို နှစ်နှစ်တိတိရှိသွားပြီ။ အဲ့ဒီနေ့မတိုင်မီရက်တွေတုန်းက သူနဲ့ကျွန်တော် Chatroom တစ်ခုမှာသိခဲ့ကြတယ်။ ကျွန်တော်က ဆိုးဆိုးဝါးဝါး nick တစ်ခုနဲ့ အကြီးအကျယ်သောင်းကျန်းနေတဲ့ အချိန်လည်းဟုတ်တယ်။ သူ ဘာကြောင့် ကျွန်တော့်ကိုတွေ့ဖို့ ရွေးချယ်ခဲ့သလဲတော့ကျွန်တော်မသိခဲ့ဘူး။ ဆိုဆုံးမချင်လို့များလား၊ လိမ္မာစေချင်လို့များလား .. ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ နှစ်သက်လို့၊ ခင်မင်ချင်လို့လား၊ ဒါမှမဟုတ် Just for fun လား..။ မေးခွန်းတွေပြန်ခြွေမနေတော့ပါဘူး။

သေချာတာက ချိန်းထားတဲ့ ဒဂုံစင်တာ ပထမထပ် Amore Cafe' မှာ သူ့ကို စတင်တွေ့ဆုံလိုက်စဉ်မှာပဲ ကျွန်တော့်ထံမှာ အတန်အသင့်ရင့်ကျက်ချင်ယောင်ဆောင်ထားတဲ့ ရင်ဝှက်ပန်းတစ်ပွင့်က ချက်ချင်းစွင့်အာသွားတယ်။ မရှည်ပေမယ့် စင်းစင်းပျော့ပျော့နဲ့သူ့ဆံပင်၊ သွယ်လျလျလက်ချောင်းကလေးတွေ၊ ရှည်လျားတောင့်တင်းပြီး ကြည့်ကောင်းလှတဲ့ သူ့ခန္ဓာကိုယ်၊ ကျွန်တော် ဘယ်လိုကြည့်ကြည့် ချောမောနေတဲ့ သူ့မျက်နှာပေါက်.. သူ့အသက်ရှူသံကအစ ကျွန်တော့်အဖို့ စွဲမက်စရာ။ ကျွန်တော် သူ့ကို အဲ့ဒီမှာ စချစ်သွားခဲ့တယ်။

တိုတိုနဲ့လိုရင်းပြောရရင် သူပြုံးပြပြီးတဲ့နောက်ပိုင်း ကျွန်တော့်စိတ်အစဉ်မှာ သူချည်းပဲလွှမ်းမိုးခဲ့တော့တယ်။ အဲ့ဒီည ကျွန်တော်တို့တွေ့ဖြစ်ကျတော့ မိတ်ဆက်စကားတွေအပြင် သူ့ဘက်က ပိုမိုပြီးရင်းနှီးကျွမ်းဝင်စေတဲ့ စကားတွေကို ပွင့်ပွင့်လင်းလင်းပြောတယ်။ သူရိုးသားတယ်၊ တည်ငြိမ်တယ်၊ စိတ်ထားကောင်းတယ်။ ဒက်ခနဲ အကဲခတ်ပစ်လိုက်တယ်။ သီတင်းကျွတ်ညဆိုတော့ လမ်းတွေမှာသိပ်စည်တယ်။ ကျွန်တော်က လူရှုပ်တဲ့နေရာတွေကို မကြိုက်ဘူး။ မျက်စိနောက်၊ ဆူညံတာတွေ ကျွန်တော်ကြာကြာမခံနိုင်ဘူး။ ဒါကြောင့် ဒီလိုအချိန်လူရှင်းတတ်တဲ့ ဒီဆိုင်ကိုပဲတမင်ချိန်းလိုက်တာဖြစ်တယ်။ သူကတော့ မပြောတတ်။ လိုက်လျောညီထွေရှိပြီးသားသူ့အဖို့တော့ ကျွန်တော့်ဗီဇတချို့ကို သူဖတ်နိုင်တာ၊ အံဝင်ဂွင်ကျဖြစ်စေနိုင်တာ ဆန်းတော့လည်းမဆန်း။

ကော်ဖီကို သူဝယ်တိုက်တာပါ။ သူကိုယ်တိုင် ကောင်တာကနေ တကူးတကယူလာပေးတာ။ ကျွန်တော်က အရင်ကြိုရောက်နေတဲ့အတွက် သူ့ကိုထိုင်စောင့်နေရုံပဲ။ Iced Black တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ၄၅မိနှစ်လောက် စကားထိုင်ပြောကြပြီးတော့ သူကစကားဆိုလာတယ်။ ဘယ်သွားကြမလဲတဲ့။ ပျော်ရွှင်မှုနဲ့အတူ ကျွန်တော့်မျက်နှာပေါ်က လိုလားတက်မက်တဲ့အပြုံးတွေ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ သူကလည်း ပြုံးနေတာပါပဲ။

တိတ်ဆိတ်မှုကိုနှစ်သက်သူနှစ်ယောက် အဲဒီတုန်းက ကျွန်တော်တစ်ခါမှ မရောက်ဖူးသေးတဲ့ စိမ်းလန်းစိုပြည်ပန်းခြံဆီကို အငှားကားလေးနဲ့ထွက်ခဲ့ကြတယ်။ ကားပေါ်မှာ သူနဲ့ကျွန်တော် ဘေးချင်းအတူကပ်ထိုင်ကြတယ်။ လမ်းကြောင့် ပခုံးချင်း ဒူးချင်းတောင် မကြာမကြာထိတိုက်သွားတယ်။ ကျွန်တော်ရင်တွေခုန်လိုက်တာ။ ကျွန်တော် ဘေးက သူ့လက်လေးတွေကို ဆုပ်ကိုင်ထားချင်လိုက်တာ။ သူ ကျွန်တော့်စိတ်ကို ကြားသွားတယ်ထင်တယ်။ ရုတ်တရက် ကျွန်တော့်လက်ခုံပေါ်ကို သူ့လက်ဖ၀ါးနုနုလေးတွေ လာအုပ်မိုးတယ်။ ပြောင်းပြန်ဖြစ်စွာပဲ ကျွန်တော့်မျက်နှာတွေ နီရဲသွားမတတ်ပါ။ ဒီအတိုင်းပဲ တစ်လမ်းလုံး တိတ်ဆိတ်စွာနဲ့ ကျွန်တော်တို့နှစ်ယောက်လိုက်ပါလာခဲ့ကြတယ်။


စိမ်းလန်းရဲ့ညဖက်က လှလိုက်တာ။ သီချင်းသံသဲ့သဲ့တချို့ကလွဲရင် အရာအားလုံးတိတ်ဆိတ်။ တစ်ချက်တစ်ချက်မှ ကားလမ်းပေါ်က ကားဟွန်းတီးသံတွေကြားရတယ်။ အင်းလျားရဲ့လေပြည်သွဲ့သွဲ့နဲ့ သစ်ပင်တွေပေါ်ကအလှမီးရောင်တွေကပဲ ပန်းခြံကိုလွှမ်းခြုံထားတယ်။ လူများရမယ့်ညမှာမှ ဘာလို့လူရှင်းနေပါလိမ့်။ လပြည့်ညမရောက်သေးလို့နဲ့တူပါတယ်။ မနက်ဖြန်ညဆိုရင်တော့ တိုးပေါက်မယ်မထင်။ အင်းလျားကန်ထဲ ဆီမီးမျှောနေကြတဲ့သူတွေကိုကြည့်လာရင်း သစ်ပင်နှစ်ပင်ကြားက ခုံတန်းလျားလေးတစ်ခုမှာ သူနဲ့ကျွန်တော်နေရာယူလိုက်တယ်။ မီးပိုးကောင်တွေက ကျွန်တော်တို့ခေါင်းပေါ်မှာရှိတဲ့ မီးတိုင်တ၀ိုက်မှာ လူးလာခေါက်ပြန်တစီစီညံနေကြတယ်။ ဒါပေမယ့် သူ့စကားသံကြားအပြီး အရာအားလုံးပြန်တိတ်ဆိတ်သွားပြန်တယ်။ သီချင်းတွေအကြောင်း၊ ရုပ်ရှင်starတွေအကြောင်းကစလို့ သူ့ဘ၀တစ်စိတ်တစ်ပိုင်းရယ် ကျွန်တော့်အရင်ရည်းစားဟောင်းတွေအကြောင်းရယ်ထိ ခရီးပေါက်သွားခဲ့တယ်။ သူက ကျွန်တော်မကြားဖူးသေးတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို တိုးတိုးလေးဆိုညည်းပြတယ်။ အဲ့ဒီနောက် ကျွန်တော်ပါသိတဲ့ သီချင်းနောက်တစ်ပုဒ်ကို အတူတူဆိုဖြစ်ကြတယ်။ ပတ်ဝန်းကျင်မှာဘယ်သူမှရှိမနေတာကို အခွင့်ကောင်းယူပြီး လွတ်လပ်စွာပဲ ကျွန်တော့်ညာဖက်လက်က သူ့ဘက်ဖက်ပုခုံးပေါ်ရောက်သွားတော့လုလု။


သူက ကျွန်တော့်ကိုချစ်တယ်တဲ့။ နောက်မှ ကလေးလေးတစ်ယောက်လို၊ အရင်းအချာတစ်ယောက်လို ၅၂၈နဲ့ချစ်တာတဲ့။ ဒါဆို သူဘာဖြစ်လို့ အဲ့ဒီညက ကျွန်တော့်ပါးကိုနမ်းခဲ့သလဲ။ အဲ့ဒီစိတ်နဲ့ပဲလား။ အသက် ၃နှစ်ပဲကွာတဲ့အတွက် သူဒီလိုလုပ်ခွင့်ရှိသလား။ ကျွန်တော်က သူငယ်နှပ်စား ကလေးလေးတစ်ယောက်မှ မဟုတ်တော့ဘဲ။ ၁၇နှစ်ရှိပြီ။ အယုံလွယ်သူကို ဖြေသာအောင်တော့ပြောပါဗျာ..။ အဲ့ဒီစိတ်တွေနဲ့ပဲ ကျွန်တော့်မှာ ယဉ်ယဉ်ရော မယဉ့်တယဉ်ရော ရူးသွပ်ခဲ့ရတာ.. နေ့တိုင်းညတိုင်း... မျက်လုံးဖွင့်ထားတဲ့အချိန်နဲ့ မျက်လုံးမှိတ်ထားတဲ့အချိန်..။


ကျွန်တော် သူ့ကိုသိပ်ချစ်ပါတယ်။ တစ်ဘ၀လုံးအတွက်ပုံပြီး ချစ်ခဲ့တာပါ။ အရာအားလုံး စိတ်အားလုံးသူ့ကို ပေးအပ်ထားခဲ့တာပါ။ သူနဲ့ပဲ နှလုံးသားကဏ္ဍကိုကုန်ဆုံးတော့မယ်ပေါ့။ သူ့အရင်ရည်းစားဦးကို သူသိပ်ချစ်တာ ကျွန်တော်သိတယ်။ သူအရင်က ဘယ်သူတွေနဲ့ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်အရင်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူနဲ့ကျွန်တော် ယုံကြည်မှုတွေရှိခဲ့သင့်တယ်။ ဒါပေမယ့် သူက ကျွန်တော့်အပေါ် ကလေးလေးတစ်ယောက်ကို ဆက်ဆံမှုထက်မပိုခဲ့ဘူး။

အဲ့ဒီပထမဆုံးညက အိမ်အပြန်သူလိုက်ပို့တော့ ပြည်လမ်းမကြီးအတိုင်း ကျွန်တော့်ထက်အရပ်မြင့်တဲ့ သူ့ပုခုံးကို ကျွန်တော်တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့တာ။ ကျွန်တော်တို့ ချစ်သူတွေဖြစ်သွားကြပြီလို့ စိတ်ထဲမှာ တစ်ထစ်ချယုံကြည်ပစ်ခဲ့တာ။ ဒါတွေဟာ ကျွန်တော့်အတွက် မဖြေသာစေခဲ့တဲ့အကြောင်းတွေပေါ့။ သူလည်း ကျွန်တော့်ကိုသိပ်ချစ်ခဲ့မှာပါ။ ဒါပေမယ့် နောက်တော့ သူလုပ်သင့်ဖြစ်သင့်တယ်ထင်တဲ့လမ်းကို သူရွေးသွားတယ်၊ ကျွန်တော့်ကို ဒီအချစ်ထက်မပိုခဲ့ဘူးလို့ သူရင်နာနာနဲ့လိမ်ပြောခဲ့တာဖြစ်မှာပါ။ ကွယ်ရာက နှစ်ဦးသားရဲ့မျက်ရည်တွေကို ဘုရားရှင်ပဲသိမြင်နိုင်တော့မှာလေ..။

နောက်တစ်ရက်.. လပြည့်ည ..
ကျွန်တော့်အိမ်မှာ သူနားထောင်ခဲ့တဲ့သီချင်းတွေ.. ကျွန်တော် ယနေ့ထိ နှစ်သက်နေဆဲ..
သူ့ကိုချက်ကျွေးခဲ့တဲ့ ကြာဆံစွပ်ပြုတ်.. ကျွန်တော် ယနေ့ထိ စွဲစွဲလန်းလန်းသောက်သုံးနေဆဲ..
ရွှေပုစွန်မှာ အတူစားဖူးတဲ့ရေခဲမုန့်တွေ..
လမ်းဘေးလက်ဖက်ရည်ဆိုင်က ဆေးဘဲဥသုပ်တွေ..
သူနှစ်သက်တဲ့ကော်ဖီခါးခါးတွေ..
မြေနီကုန်းကအသွားအပြန် ကားမှတ်တိုင်တွေ..
ပဒုမ္မာလမ်းကခြေရာတွေ..
ပြည်လမ်းကခြေရာတွေ..
လှည်းတန်းကခြေရာတွေ..
လမ်းမတော်ကခြေရာတွေ..
အင်းလျားကန်ဘောင်ကခြေရာတွေ..
သူ့အနမ်းတွေ.. သူ့ပုံရိပ်တွေ.. ကျွန်တော် ယနေ့ထိတမ်းတနေတယ်..

သူပေးဖူးတဲ့ချောကလက်.. အပြင်ဘက်က ပတ်ထားတဲ့အခွံလေးကအစ..
သူကိုင်ဖူးတဲ့ ဘောလ်ပင်..
သူရေးချ၊ ခြစ်ချဖူးတဲ့ စာရွက်.. စာကြောင်းတွေ..
သူနဲ့အတူသွားဖူးတဲ့ ပန်းခြံ၊ ရုပ်ရှင်ရုံဝင်ခွင့်ဖြတ်ပိုင်းတွေ..
စိန်ဂေဟာမှာသူဝယ်ပေးဖူးတဲ့ အရိုးခေါင်းပုံ phone strapလေး..
အပြာရောင်စာလုံးလေးနဲ့ ကြိုးကွင်းလေး..
သူ့ဖုန်းဝင်လာတဲ့ စက္ကန့်မိနစ်အတိအကျ..
သူ့ရုံးဆင်းရုံးတက်အချိန်ဇယား..
သူ့အတွက် နေ့စဉ်ရေးသားထားရတဲ့ ဒိုင်ယာရီစာအုပ်..

ဒါတွေကို သူနဲ့ကျွန်တော် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ သင်တန်းအချိန်မှာ ကျွန်တော် သူ့ကိုအကုန်လုံးပေးခဲ့တာ.. အားလုံးကို ကျွန်တော်အိပ်မက်တစ်ခုအနေနဲ့သာ မှတ်ပစ်မယ်ပေါ့..။ သူ့ကိုမေ့ပစ်နိုင်မယ်ပေါ့..။ အထင်နဲ့အမြင်က တခြားစီရယ်ပါ။ ဒါတွေကို လက်ခံရရှိပြီးတဲ့နောက် ယူကျုံးမရတဲ့နောင်တတွေနဲ့ သူငိုတယ်ဆိုပေမယ့် တကယ့်တကယ်တမ်း ရှုံးခဲ့တဲ့သူက ကျွန်တော်ပါ။ သူ့ကိုချစ်မိခဲ့တာကိုက ကျွန်တော် အမြဲတမ်းရှုံးနေခဲ့တာပါ။ လူငယ်တစ်ယောက်ရဲ့ နှလုံးသားဟာ အရွယ်နဲ့မလိုက်အောင် သိပ်ပြီးဒဏ်ရာဒဏ်ချက်တွေများလွန်းခဲ့တယ်။ ဖူးသစ်စအချစ်ပန်းတွေဟာလည်း အညွှန့်မှမတက်ရသေး တဆစ်ဆစ်နဲ့အချိုးခံခဲ့ရတာချည်း။ ကံချည်းပဲတော့ အမြဲမဆိုးခဲ့ပါဘူး။ သူ့ဆီက လျစ်လျူရှုမှုတွေတ၀ကြီးကို ခါးခါးသီးသီးရယူခဲ့ပြီးတဲ့နောက်ပိုင်း၊ သူနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း ကျွန်တော်သူ့ကိုချစ်မြတ်နိုးသလို၊ ကျွန်တော်သူ့ကိုတန်ဖိုးထားလေးစားသလိုမျိုး ကျွန်တော့်အပေါ်လည်း အလားတူမေတ္တာမျိုးနဲ့ ကျွန်တော့်ဘ၀ထဲဝင်လာခဲ့သူတွေရှိတယ်။ သူတို့အပေါ်လည်း ကျွန်တော်အစွမ်းကုန်ကောင်းဖို့ ကြိုးစားခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်သူ့ကိုတော့ ဒီကနေ့ထိ မေ့လို့မရသေးဘူး။

တစ်ဘ၀မှာ တစ်ခါသာချစ်ခွင့်ရမယ်ဆိုရင်.. တစ်ဘ၀မှာ တစ်ယောက်တည်းနဲ့ပဲ နေခွင့်ရမယ်ဆိုရင်.. တစ်ဘ၀မှာ တစ်ယောက်တည်းရဲ့ မျက်နှာကိုပဲ မြင်ခွင့်ရမယ်ဆိုရင်.. ကျွန်တော် သူ့ကိုပဲရွေးချယ်မိမှာပါ။ ဒါတွေကို.. သူမသိနိုင်.. မမြင်နိုင်ပေမယ့် ကျွန်တော် ယနေ့ထိ သူ့ကိုတစ်ဖက်သတ်ချစ်နေဆဲ.. တမ်းတနေဆဲ..။

ကျွန်တော်ဟာ သိပ်မျက်နှာများခဲ့သလား.. ဖြေစရာမလိုတဲ့မေးခွန်း..။ ဒါပေမယ့် ကျွန်တော် လူတိုင်းကို ဟောသည့်ရင်ဘတ်ကြီးထဲကနေ လှိုက်လှိုက်လှဲလှဲမချစ်တတ်ခဲ့။ သူနဲ့ ဒီဘ၀မှာမှ မဆုံနိုင်တော့ဘဲ။ ကျွန်တော် ဘယ်တော့မှတခြားသူနဲ့ တစ်သက်တာမဆုံဆည်းချင်တော့ဘူး။ ခဏတာကြည်နူးနှစ်သိမ့်မှု၊ ပျော်ရွှင်မှုအတုတွေနဲ့ပဲ ကျွန်တော့်ဘ၀မှာ မိသားစုကိုအမြဲတမ်းဖြည့်ဆည်းနေခဲ့မိတော့တယ်။ ကျွန်တော်လွမ်းတယ်....။ တွေးလိုက်တိုင်း ရင်ဘတ်ထဲကျင်ခနဲခံစားရပြီး မြင်ယောင်လိုက်တိုင်းဖျက်ခနဲပေါ်ပေါ်လာတဲ့ ပုံရိပ်တွေကို ကျွန်တော်ရူးရူးမိုက်မိုက်ပွေ့ဖက်ထားနေမိတုန်းပဲ။ မေ့ပစ်နိုင်မှာမဟုတ်တဲ့အတွက် မေ့လိုက်ပါဆိုတဲ့စကားကို ဘယ်သူ့ဆီကမှ မကြားချင်တော့ဘူး။ ချစ်လိုက်ပါဆိုတဲ့ အသံတွေနဲ့လည်း ဝေးချင်ပြီ။ မုန်းလိုက်ပါဆိုတဲ့ သူတွေအကြောင်းလည်း မစဉ်းစားချင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ဟာ သူ့ကြောင့်တော့ ဘ၀မသေသွားပါဘူး။ သူ့အချစ်ကို ကျွန်တော်မရခဲ့ပေမယ့် ကျွန်တော့်အချစ်ကတော့ လွဲမှားစွာပိုလျှံနေခဲ့တယ်။ ဆိုးသွမ်းစွာ ဆန့်ကျင်နေခဲ့တယ်။ မိုက်မဲစွာ vigorous ဖြစ်နေခဲ့တယ်...

ကုလားဖန်ထိုးနှက်ချက်တွေနဲ့ အသားသေခဲ့ပြီးတဲ့နှလုံးသားတစ်စုံကိုပိုင်ဆိုင်ထားသူမှာ ဆိုက်ကိုလေးတစ်ခုဝင်နေခဲ့တာတော့ သိပ်မထူးခြားပါဘူး။ သူဟာ တခြားသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာကွဲလွဲနေမယ်။ အပြောအဆို အနေအထိုင် အနည်းငယ်ထူးခြားနေမယ်။ သူ့စတိုင်လ်နဲ့သူ တသီးတခြားဖြစ်နေပါလိမ့်မယ်။ ဒါကို အပြစ်တစ်ရပ်၊ ချို့ယွင်းချက်တစ်ခုလို့မြင်နိုင်တာက လူတွေပဲဖြစ်ပြီး ချစ်စရာ၊ မြတ်နိုးစရာလို့ အကောင်းမြင်မှာကလည်း လူတွေပဲလေ။ ဒီတော့ ကိုယ်လျှောက်နေတဲ့လမ်းမှာ ကိုယ့်သမိုင်းကိုရေးရင်းနဲ့ ကိုယ့်သေတွင်းမတူးမိဖို့ပဲအရေးကြီးပါတယ်။ အရာရာမှာ ဖြေရှင်းနည်းတစ်ရပ်၊ ထွက်ပေါက်တစ်ခုတော့ ရှိတတ်ပါတယ်။ ဒါကို မသိမချင်းတော့ ၀ဋ်ဆင်းရဲတွေခံစားပေဦးတော့။ ကျွန်တော်အပါအ၀င်ပေါ့။

သူတစ်ယောက် စိတ်ချမ်းသာပါစေ..
သူတစ်ယောက် ပျော်ရွှင်ပါစေ..
သူတစ်ယောက် ချစ်သောသူနှင့်အတူနေရပါစေ..
....
....
....
သီတင်းကျွတ်လပြည့်နေ့မှာ လူသားအားလုံး ချစ်သောသူများနှင့်အဆင်ပြေပါစေ..။

Craton
၃.၁၀.၂၀၀၉

19 Comments:

Vista said...

အဲ ...ငယ်စဉ်အခါမှာ ဒါမျိုးတွေကြုံတတ်ပါတယ်လေ

SDL said...

ဖြစ်ရလေ.. တူလေးရယ်..

မယ်ကိုး said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ ကာတွန်းရုပ်ကလေးရယ်။
ဒါဟာ တကယ့်အဖြစ်ဆိုရင် ကာတွန်းရုပ်နဲ့ ထပ်တူ ဝမ်းနည်းပါတယ်။

မိန်းကလေးတွေ အတွက် အသက်အရွယ်ကွာခြားမှုက တစ်ခါတစ်လေစကားပြောတယ်လေ။
ကောင်မလေးကလည်း သိပ်ချစ်မှာပါ။

အသက်တွေလည်း ကြီးလာ ။ကာတွန်းရုပ်လေးလည်း အရပ်ရှည်လာ။(ပါးဖောင်းဖောင်းလေးလည်း ပျောက်သွား :P ) တဲ့ တစ်ခါ ထပ်ကြိုးစားဦးပေါ့ဟုတ်လား။
ကံဆိုတာ လူက လုပ်တာပါ။

စာလေးက အရမ်းကောင်းတယ်။ အားပေးလျက်။

WWKM said...

ပို့စ်လေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ခရေတွန်ရေ.
တကယ်ကြီးဆိုရင်တော့ သနားစရာကောင်းပါတယ်.သူမ
က အသက် ၃နှစ်ကွာတာကြောင့် ခွဲထားခဲ့တာလား။ဒါမှ
မဟုတ် တခြားအကြောင်းပြချက် မရှိဘူးလား။
ဒါပေမယ့်လေ..

သူတစ်ယောက် စိတ်ချမ်းသာပါစေ..
သူတစ်ယောက် ပျော်ရွှင်ပါစေ..
သူတစ်ယောက် ချစ်သောသူနှင့်အတူနေရပါစေ..
....
....
ဆိုတဲ့ ပေးဆပ်မှုတွေနဲ့ ချစ်တတ်တဲ့ ခရေတွန်လေးကို
တော်တယ်လို့ပဲ ချီးမွမ်းမိပါတယ်။ ၁၇ နှစ် ဆိုတာ ကလေးပဲရှိသေးတယ်. ရည်စားမထားနဲ့ဦး။း)
တီဝါတောင် အသက် ၂၄ မှ ရည်းစားထားတာ. :D

သတိတရနဲ့ရေးပေးတာ ကျေးဇူးစ်စ်ပါ ခရေတွန်ရေ.

တီတီဝါ

နေ့အိပ်မက် said...

ခရေတွန်က ၁၇နှစ်တုန်းက အကြောင်းကိုရေးတာပါ တီတီဝါရယ်..ခွင့်လွှတ်လိုက်ပါ... :P ခုနှစ်ဆယ်ပြည့်တော့မယ်ထင်တယ်...

ကာယကံရှင်တော့မသိဘူး.. နေ့အိပ်မက်တကယ်ဝမ်းနည်းတယ် ဒီစာဖတ်ရတာ.. လှည်းတန်းတွေ မြေနီကုန်းတွေပါနေတော့ ပိုဆိုးတော့တာပေါ့.... ဒီလောက်ထိအသေးစိတ်မှတ်ထားပြီး ချစ်ပေးတတ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့အချစ်ခံရတာ အဲဒီမိန်းကလေး ကံကောင်းတာပေါ့.....

စိမ်း... said...

ဖတ်ရင်းနဲ့ ငိုတောင်ငိုချင်လာပြီ...
အင်း ... ၁၇ နှစ် နှစ်သား အချစ်ကို မစစ်ဘူးလို့ အခု ဘယ်သူပြောရဲသလဲ ???

ချမ်းလင်းနေ said...

ဇာတ်လမ်းက အရှည်ကြီးပဲ။ နောက်မှ ပြန်လာဖတ်မယ်။

Maydarwii said...

ကြယ်ကလေးရေ ...
ကြယ်ဆိုတာက အမြဲလင်းလက်တယ်။
လမင်းကတော့ လပြည့်ညမှာမှ ပြည့်ပြည့်၀၀ သာနိုင်တယ်။
လမင်းကွယ်ပေမဲ့ ကြယ်ရောင်ကတော့ တောက်ပနေဆဲပဲ ... မဟုတ်လား။
ကြယ်ကလေးရဲ့ ဘေးမှာ လမင်းကလေး မရှိတော့ပေမဲ့ တခြား ကြယ်ကလေးတွေ အများကြီးရှိသေးတယ် ... အားမငယ်နဲ့နော်။

ကြယ်လေးတပွင့် ကောင်းကင်ကြီးထက်မှာ အမြဲ လင်းလက် တောက်ပနိုင်ပါစေ ... ။

Craton said...

ပေးတဲ့ဆုတွေနဲ့သာ အမြန်ဆုံးပြည့်ရပါလို၏ ဘုရား..း(

အိန္ဒြာ said...

ကလေးရေ...

ခေသူမဟုတ်ပါလား......

၁၇ နှစ်မှာ..ကောင်မလေးနမ်းတာခံလိုက်ရသတဲ့...

ဟားဟား..စတာ ခရေတွန်လေးရေ..

ဒီအရွယ်မှာ..ဒီလို ချောနေအောင်..
ပြေပြေပြစ်ပြစ်ရေးနိုင်တဲ့...
စကားပြေအစီးအဆင်းက..

ရသ စာပေ အတွက် လက်သန့်သန့် တစ်ဦး..
ပေါ်လာမယ်ဆိုတာကို ပြနေတာ..

ရေးပါ..
ဖတ်ပါ...
များများရေးပါ..
များများဖတ်ပါ...

အားပေးနေပါတယ်..။

ချမ်းလင်းနေ said...

နောက်တခေါက်လာဖတ်တာ ညီရေ။အသေအချာမန့်မယ်ဗျို့။စာအရေးအသားကောင်းတယ်။သာမာန်ဖြစ်ရိုးဖြစ်စဉ် လူပျိုပေါက်ဘဝ မမတွေရဲ့ အလှနဲ့ အယုအယလေးမှာသာယာမိသွားတာ။တကယ်တမ်းကျတော့ သူဘက်က ကိုယ်ထင်သလို မဖြစ်နိုင်ဘူး။ဒါဟာ မိန်းမသားတစ်ယောက်က ကိုယ်ထက်ငယ်တဲ့သူကို ချစ်တတ်ကြပေမယ့် သူတို့ဘဝအတွက်ကျတော့ သူတို့သဘာဝအတိုင်း အားကိုးနိုင်တဲ့ သူကိုပဲ စဉ်းစားလေ့ရှိတတ်တယ်ဆို့ သဘောလေးရေးသွားတာကို ထောက်ခံတယ်။အချစ်ပဲလေ...တားဆီးလို့မရတာပဲ။ညီရေးထားတဲ့ဆန္ဒလေးကို သဘောကျတယ်။ တစ်ယောက်ထဲသာချစ်ခွင့်ရမယ်ဆိုတာကိုပါ။မျက်နှာများသူတွေအတွက်တော့မသိဘူး။အချစ်ကို လေးစားသူတွေအတွက်တော့ ဒါဟာ တန်ဖိုးပဲ။ပျော်ရွှင်ပါစေညီခရာတွန်ရေ။

Craton said...

ကျေးဇူးပါ ကိုချမ်းလင်းနဲ့ တီဒြာရေ့.. အားရှိ၏.. ဟိဟိ..း)

မမသီရိ said...

ကလေးလေးရဲ့ ချစ်ပုံပြင်က ဖတ်လို့ကောင်းတယ်

အင်း ၁၇ နှစ်နဲ့ ရီးစားထားဖို့ ကြံရွယ်တာတော့.. အင်း...း)

MANORHARY said...

true story ဆိုပဲ အစမှာတုန်းကတော့
နောက်ဆုံးကျတော့ tag post ပါတဲ့..
လူကြီးတွေကိုခေါင်းနောက်အောင်မလုပ်နဲ့လေ..း))
၁၇ နှစ်သားကအတွေ့အကြုံဆိုတော့ အင်းးးး
..................
မပြောလိုပါ မပြောလိုပါ ...
ကိုကို့အတွက်ပဲရင်ပူလာပါတယ် :(

သူရဲကောင်းကြယ် said...

စာရေးကောင်းတယ်နော်...
ကိုယ်တွေ့ ဖြစ်ရပ်လေးထင်ပါ့..

ခြေလှမ်းသစ် said...

ခရေတွန်လေးရေ အတွေ့အကြုံ ပိုစ့်လေးလားမသိ ဖတ်လို့အရမ်းကောင်း၏ ...

မိုးခါး said...

စိတ်မကောင်းဖြစ်သွားတယ်
စာရေးထားတာ ဖတ်လို့လည်းကောင်းတယ်
ဆန္ဒတွေ ပြည့်စုံပါစေး))

sait phay yar said...

ကလေးလေး အေ၇းကကောင်းနေတာလား တစ်ကဲ့ဖြစ်ရပ်မို့ ဘဲ ဖတ်ကောင်းတာလားမသိ
ခံစားသွားပါတယ် ကလေးလေး။

တက်လူငယ် said...

ခံစားမှုတွေ အသက်ဝင်တယ်။

အရေးအသားက ပိုပြီးပြေပြစ်ချောမွေ့လာတယ်။

စာဖတ်သူရင်ကို မောစေပြီး အဆုံးထိအောင် ဆွဲခေါ်သွားနိုင်တယ်။

ပေးချင်တဲ့ရသ၊ သုတ၊ ဘ၀ဒဿနတွေပါဝင်တယ်။

မည်သို့ဆိုစေ... စာရေးသူရဲ့ စာဖတ်သူအပေါ်မှာ တစ်ခုခုပေးစွမ်းနိုင်မှုရှိတာတော့ အသေအချာပဲ။

အောင်မြင်ပါစေ...
ခင်တဲ့
တက်လူ